ကရင်နီဒေသက ရေဘေးထပ်ကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုနေ

ရေကြီးနစ်မြုပ်မှုတွေနဲ့ တောင်ကျချောင်းရေတွေကြောင့် အဲဒီမြို့နယ်ခြောက်ခုမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းခန့်ဟာ ရေဘေးကိုပါ ထပ်ကြုံနေရတာပါ။

ကယားပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးကြုံနေကြသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ Facebook/ KNWO

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဖားဆောင်း၊ ဖရူဆိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်တွေက ရေဘေးကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အကူအညီတွေ လိုအပ်နေတယ်လို့ ကယားပြည်နယ် အခြေစိုက် ဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို စက်တင်ဘာ ၁၆ ရက် ဒီနေ့မှာ ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုတွေနဲ့ တောင်ကျချောင်းရေတွေကြောင့် အဲဒီမြို့နယ်ခြောက်ခုမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းခန့်ဟာ ရေဘေးကိုပါ ထပ်ကြုံနေရတာပါ။

ဒီးမော့ဆိုမြို့နယ်ထဲမှာဆိုရင် စစ်ဘေးဒုက္ခသည်စခန်း ခုနစ်ခုအထိ ရေကြီးနစ်မြုပ်နေပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်ကတည်းက စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရာနေရာတွေ ဖြစ်ပါတယ်။ ဒီးမော့ဆိုမှာဆို စစ်ရှောင်စခန်း အမှတ် (၁) ကနေ အမှတ် (၇)အထိ ပွန်ချောင်းရေတက်လို့ ရေနစ်မြုပ်သွားတယ်။ တဲတွေ၊ သိုလှောင်ထားတဲ့ အစားအသောက်တွေ ရေနစ်မြုပ်သွားတယ်၊ စိုက်ပျိုးထားတဲ့ သီးနှံတွေလည်း ပျက်စီးတယ်”

ရုတ်တရက် ရေကြီးနစ်မြုပ်မှုတွေဖြစ်လာပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ အခက်အခဲရှိတာကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီးမော့ဆို အရှေ့ခြမ်းတစ်ခုတည်းမှာပဲ နေအိမ် ၃၇၀ ရေနစ်မြုပ်ပြီး မြို့နယ် ခြောက်ခုလုံးမှာဆိုရင် အရေအတွက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ဘေးနဲ့ ရေဘေး နှစ်ခုလုံး ကြုံနေရတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ နေထိုင်စရာ အမိုးအကာ၊ အဝတ်အထည် စတဲ့ လူမှုအကူအညီတွေ လိုအပ်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ရှမ်း-ကယား နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ တောင်ကျချောင်းရေကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဦး အပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက် က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org