ကျောက်ကြီးမှာ ထွက်ပြေးနေရသူ တစ်သောင်းကျော်ရှိပြီး လယ်ဧကလေးထောင်ကျော် မစိုက်ပျိုးနိုင်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရပြီး ရွာ ၄၆ ရွာက ဒေသခံတွေရဲ့ လယ်မြေဧကလေးထောင်ကျော် စိုက်ပျိုးရေးမလုပ်နိုင်ဘူးလို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီက ဇွန်လ ၁၀ ရက်မှာထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-06-10 -
-
-
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရပြီး ရွာ ၄၆ ရွာက ဒေသခံတွေရဲ့ လယ်မြေဧကလေးထောင်ကျော် စိုက်ပျိုးရေးမလုပ်နိုင်ဘူးလို့ ကျောက်ကြီး မြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီက ဇွန်လ ၁၀ ရက်မှာထုတ်ပြန်ပါတယ်။
ဒီလို စိုက်ပျိုးရေးတွေမလုပ်နိုင်တာကြောင့် လာမယ့်နှစ်အတွင်း ဒေသတွင်းစာနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေနဲ့ ကြုံလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာကြောင့် ရွာ ၁၈ ရွာက ဒေသခံ တစ်သောင်း ကျော် ထွက်ပြေးနေရတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထွက်ပြေးရတဲ့ဒေသခံတွေဟာ မိုးရာသီကာလဖြစ်တာကြောင့် ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ အမိုးအကာမလုံလောက်မှုတွေလည်း ကြုံနေရတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးကော်မတီဘက်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ကျောက်ကြီးမြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်ပြီး KNU၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား မကြာခဏတိုက်ပွဲတွေဖြစ်နေတဲ့ဒေသဖြစ်ပါတယ်။
KNU ဗဟိုရဲ့ တရားဝင် လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ဒီနေ့ထုတ်ပြန်တဲ့ ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီရဲ့ အဲဒီကြေညာချက်မှာ စစ်ကောင်စီတပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ သုံးနှုန်းထားတာ တွေ့ရပါတယ်။