ခင်ဦးနဲ့ ကန့်ဘလူမှာ စစ်ကြောင်းထိုးလို့ လူငါးထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြင်ထောင်ရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ခင်ဦးမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ထဲကို ဝင်ရောက်စစ်ကြောင်းထိုးနေလို့ အနီးတစ်၀ိုက်ရွာတွေက လူငါးထောင်ထက်မနည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးကြရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အနောက်ခြမ်းမှ ‌ဒေသခံများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ Facebook/ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြင်ထောင်ရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ခင်ဦးမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ထဲကို ဝင်ရောက်စစ်ကြောင်းထိုးနေလို့ အနီးတစ်၀ိုက်ရွာတွေက လူငါးထောင်ထက်မနည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၃၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ခင်ဦးမြို့နယ်ကနေ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး စစ်ကြောင်းဦးတည်ရာလမ်းတစ်လျှောက်ရွာတွေမှာရှိတဲ့ ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီမနက်ပိုင်း ဝုန်းဒိုင်းနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထွက်လာတာ။ အနီးတစ်၀ိုက်ကရွာတွေ အကုန်ရှောင်ရတာပဲ။ အခု ရေဦးဘက်ကနေလည်း ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်။ လမ်းကြောင်းရှင်းတဲ့ပုံစံမျိုးပေါ့၊ ခင်ဦးနယ်ထဲကနေ ကန့်ဘလူနယ် ကာဘိုးဘက်ကို စစ်ကြောင်းဝင်နေပြီ"

စစ်ကြောင်းကြောင့် ခင်ဦးမြို့နယ် ကင်းပြစ်၊ သာ၀တ္ထိ၊ သရက်ကုန်း၊ ရှင်းမင်းဒွေ၊ ကလုံ၊ မုံလှ ရွာတွေနဲ့ ကန့်ဘလူမြို့နယ်ထဲက ကျီစု၊ ကျောက်တိုင်၊ အောင်ချမ်းသာ၊ ယင်းတိုက် စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းရဲ့ စစ်ကောင်စီပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒီစစ်ကြောင်းဟာ မတ်လ ၂၅ ရက်နေ့ကတည်းက ခင်ဦးမြို့နယ်ထဲမှာ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတုန်းကလည်း စစ်ကြောင်းဝင်ရာလမ်းတစ်လျှောက်ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

မတ်လ ၂၅ ရက်နေ့ စစ်ကြောင်းထိုးစဉ်မှာတော့ ခင်ဦးမြို့နယ် တဲစုရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲတွေကြောင့် မတ်လ ၁၈ ရက်အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၂.၈ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org