ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှုကို စိုးရိမ်ထိတ်လန့်မိကြောင်း UNOCHA ထုတ်ပြန်

ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား အရပ်သားပြည်သူတွေဟာ ကြီးမားတဲ့ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့ UNOCHA က ပြောပါတယ်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှ ဗုံးကြဲခံရသည့် နေအိမ်များ မီးလောင်နေသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။ AA Info Desk

ရခိုင်ပြည်နယ်က အရပ်သားသေဆုံးမှုသတင်းတွေကြောင့် လူသားချင်းစာနာထောက်ထားမှု ကူညီပေးနေတဲ့ အသိုင်းအဝိုင်းအတွက် အလွန်အမင်းစိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်စေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ ဇန်နဝါရီလ ၈ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် လေးဆယ်ကျော် သေဆုံးခဲ့သလို နေအိမ် ၅၀၀ ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား အရပ်သားပြည်သူတွေဟာ ကြီးမားတဲ့ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့ UNOCHA က ပြောပါတယ်။

ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအားလုံးအနေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေနဲ့အညီ လိုက်နာဖို့၊ အရပ်သားတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အကာအကွယ်ပေးဖို့နဲ့ အကူအညီတွေကို အတားအဆီးမဲ့ ထောက်ပံ့ပေးနိုင်ရေး အာမခံဖို့တွေကို ထပ်လောင်းတောင်းဆိုကြောင်း ကြေညာချက်မှာပါရှိပါတယ်။

ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူ လေးဆယ်ကျော်သေဆုံးခဲ့ပြီး ငါးဆယ်ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

RFA က ဆက်သွယ်မေးမြန်းချက်တွေအရ ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရသူအများစုက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရမှာ သူ့အနေနဲ့ ဒီကိစ္စကို မသိရှိရကြောင်း ပြန်လည်တုံ့ပြန်ထားပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org