ထောင်ချခံထားရတဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပု မျက်စိရောဂါ ဆေးကုခွင့်မရ
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ ဘယ်ဘက်မျက်စိတစ်ဖက် တိမ်စွဲနေပြီး အမြင်အာရုံ မရတော့တာကြောင့် ဆေးကုသခွင့် တောင်းဆိုထားပေမယ့် ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့ထိ ဆေးကုသခွင့် မရသေးဘူးလို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
-
RFA Burmese
2022-12-28 -
-
-
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ ဘယ်ဘက်မျက်စိတစ်ဖက် တိမ်စွဲနေပြီး အမြင်အာရုံ မရတော့တာကြောင့် ဆေးကုသခွင့် တောင်းဆိုထားပေမယ့် ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့ထိ ဆေးကုသခွင့် မရသေးဘူးလို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ သုံးလလောက်ကစလို့ မျက်စိရောဂါအခြေအနေ ပိုမိုဆိုဝါးလာတာကြောင့် အာဏာပိုင်တွေထံ ဆေးကုသခွင့်တောင်းဆိုခဲ့ပေမယ့် ခွင့်ပြုချက် မရသေးတာလို့ ဦးညီပုရဲ့ သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက အဖေရဲ့ မျက်လုံးရောဂါက ပိုဆိုးလာနေတာ။ အခုဆို ဘယ်ဘက်မျက်စိ မမြင်တော့ဘူး။ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာတယ်။ ဆေးကုသခွင့် တောင်ထားတာလည်း အခုအထိ ခွင့်မပြုသေးဘူး။ ကျမကတော့ အဖေကို ဆေးကုသခွင့် ရစေချင်ပါတယ်”
လက်ရှိမှာတော့ အကျဉ်းထောင်ကပေးတဲ့ မျက်စဉ်းဆေးရည်နဲ့ပဲ ကုသနေရပြီး အခြေအနေ တိုးတက်လာ တာမရှိဘူးလို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကတော့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း ထောင်ထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့်တွေ ပေးထားတယ်လို့ အရင်က ဖြေဆိုဖူးပါတယ်။
ဦးညီပုဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) စတဲ့ပုဒ်မတွေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံထားရပါတယ်။
NLD လူ့အခွင့်အရေးမှတ်ဌာနရဲ့ စာရင်းအရ NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းနဲ့ ပဲခူးမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေတို့ဟာ ဖမ်းဆီးခံထားရစဉ် အကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး လုံလောက်တဲ့ ဆေးကုသခွင့် မရတာကြောင့် အသက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။