ရခိုင်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဆက်ပြတ်တောက်နေတာကြောင့် အခက်အခဲဖြစ်နေရ

ရခိုင်က မြို့နယ်အားလုံးကို ဇန်နဝါရီ ၁၆ ရက်ကစပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်တာကြောင့် စစ်ဘေးဒုက္ခသည်ကူညီရေးအပြင် ကုန်သွယ်ရေးစီးဆင်းမှု အားလုံးနီးပါး ရပ်ဆိုင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရခိုင်ပြည်နယ်က မြို့နယ်အားလုံးကို ဇန်နဝါရီလ ၁၆ ရက်ကစပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ကာ သတင်းအမှောင်ချထားတာကြောင့် စစ်ဘေးဒုက္ခသည်ကူညီရေးအပြင် ငွေလွှဲ၊ ငွေထုတ် ကုန်သွယ်ရေးစီးဆင်းမှု အားလုံးနီးပါး ရပ်ဆိုင်းနေပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မိုင်တဲလ် (Mytel) ဖုန်းလိုင်းတစ်ခုသာရပြီး ကျန်တဲ့ MPT၊ Ooredoo၊ ATOM ဖုန်းလိုင်းနဲ့ ဝိုင်ဖိုင်အင်တာနက်အားလုံးကို စစ်ကောင်စီက ဖြတ်တောက်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် ဒဏ်ရာရပြည်သူတွေကို အချိန်မီကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာမျှဝေရေးအပြင် သတင်းသိပိုင်ခွင့်နဲ့ ကုန်စည်စီးဆင်းမှုအားလုံး ရပ်ဆိုင်းနေပြီလို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်ကူညီရေး ဆောင်ရွက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဖုန်းက ၁၆ ရက်ကတည်းက ပျက်တာ။ မိုင်တဲလ်ပဲ ရတာ။ ပြီးရင် သူတို့ (စစ်ကောင်စီတပ်)က ကြားဖြတ် နားထောင်တယ်။ စကစက စစ်ကို စစ်နဲ့တူအောင်တိုက်တာ မဟုတ်ဘူး။ သူတို့က AA ကို စစ်တိုက်တာမဟုတ်ဘူး ပြည်သူကို တိုက်နေတာ။ ပြည်သူကို သတ်ဖြတ်နေတာ။ ပြည်သူရဲ့ ယုံကြည်မှုကျဆင်းလာအောင်၊ အကျပ်အတည်းတွေ ခံစားလာရအောင် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာ။ အခုဆို ပြည်သူက တကယ်ကို ကျပ်တည်း လာပြီ။ လက်နက်ကြီးတွေလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်လို့ စစ်ရှောင်တွေဆိုရင် နေ့စဉ်ရက်ဆက်ကို သေနေတာ။ အခုဆိုရင် မင်းပြားမှာဖြစ်နေတာ ဒီဘက်က မသိရဘူး။ ဒီကဖြစ်တာ မင်းပြားက မသိရဘူးပေါ့။ ဆက်သွယ်ရေး ကို လုံးဝ ပြတ်တောက်သွားအောင် လုပ်လိုက်တာ”

ရခိုင်ပြည်နယ်အတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဆက်လက်ဖြစ်နေသလို စစ်ကောင်စီဘက်က ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက် ဖြတ်တောက်ထားတာ တစ်လနီးပါးကြာမြင့်လာပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ဇန်နဝါရီ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကယတပ်ဟာ အရပ်သားလူထုအပေါ် စစ်ရာဇဝတ်ချိုးဖောက်ခြင်းနဲ့ တိုက်ပွဲမရှိဘဲ မြို့၊ ရွာတွေကို လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ပိုလုပ်လာတယ်လို့ ဆိုပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ အရပ်သား ရှစ်ဆယ်ကျော်သေဆုံးခဲ့ပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org