ရခိုင်ပြည်နယ်မှာ ဆင်းရဲငတ်မွတ်မှု ပိုဆိုးလာနိုင်ကြောင်း UNDP ထုတ်ပြန်

ရခိုင်ပြည်နယ်လူဦးရေ ၉၅ ရာခိုင်နှုန်းဟာ လာမယ့် ၂၀၂၅ ခုနှစ်လယ်မှာ ဆင်းရဲငတ်မွတ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ UNDP က နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဂွမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့

(Updated 1:28 AM Nov 8, 2024)
တိုက်ပွဲတွေပြင်းထန်တာနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် လာမယ့် ၂၀၂၅ ခုနှစ်လယ်မှာ ရခိုင်ပြည်နယ်က လူဦးရေနှစ်သန်းကျော် အငတ်ဘေး ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ဝန်းမှာ UNDP က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြည်နယ်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်တာ၊ ဝင်ငွေမရှိတာ၊ ငွေကြေးဖောင်းပွမှု၊ ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ၊ လူမှုဖူလုံရေးကွန်ရက်တွေ မရှိတာကြောင့် မူလကတည်းက ဆင်းရဲဒုက္ခ ခံစားနေကြရတဲ့ ရခိုင်ပြည်သူတွေဟာ လာမယ့်လတွေအတွင်း ပိုပြီးဆိုးရွားတဲ့အခြေအနေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပကုန်သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေတဲ့အတွက် ပြည်နယ်ရဲ့ လူဦးရေ ၉၅ ရာခိုင်နှုန်းလောက်ကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့ UNDP က ထောက်ပြပါတယ်။

ခန့်မှန်းချက်တွေအရ လာမယ့် ၂၀၂၅ ခုနှစ် မတ်လကနေ ဧပြီလအတွင်း ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်မှုဟာ ပြည်နယ် ရိက္ခာလိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာ ဖူလုံစေဖို့အတွက် ၂၀၂၅ ခုနှစ်မှာ အနည်းဆုံး ဆန်တန်ချိန် သုံးသိန်းခွန်နစ်သောင်းကျော် (၃၇၂,၀၀၀) လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်း ဝင်ရောက်ခွင့်ရဖို့၊ လက်ရှိကန့်သတ်ချက်တွေအားလုံး ရုတ်သိမ်းပြီး ရခိုင်ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်စည်စီးဆင်းရေး ကောင်းမွန်ဖို့၊ အကူအညီပေးရေးလုပ်သားတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပြုဖို့နဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အာမခံဖို့လည်း UNDP က တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org