မုန်တိုင်းသင့် ရခိုင်ကလယ်သမားတွေ အကူအညီလိုနေ

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က လယ်သမားတွေဟာ မိုးဦးရာသီလယ်ထွန်မယ့်အချိန်ရောက်နေပေမယ့် အခုအထိ လယ်မထွန်နိုင်ကြသေးပါဘူး။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဆင်ပိုက်၊ ဒုံးပိုက်၊ ဒိုးရီချောင်း၊ အောင်စည်ကုန်း ရွာမှ လယ်သမားများကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ တွေ့ရစဉ်။ RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်တွေ၊ စိုက်ခင်းတွေပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်က လယ်သမားတွေဟာ မိုးဦးရာသီလယ်ထွန်မယ့်အချိန်ရောက်နေပေမယ့် အခုအထိ လယ်မထွန်နိုင်ကြသေးပါဘူး။

မုန်တိုင်းအဓိကပြင်းပြင်းထန်ထန် ၀င်ရောက်ခဲ့တဲ့ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောစတဲ့မြို့နယ်တွေက လယ်သမားတွေ ခက်ခဲနေကြတာပါ။

ဒီနေ့အထိ နေအိမ်တွေလည်းမဆောက်ရသေးသလို လယ်ထွန်မယ့်နွားတွေလည်း သေဆုံးသွားတာကြောင့် လယ်မထွန်နိုင်ကြသေးတာလို့ ဆိုပါတယ်။

ဒါ့အပြင် လယ်မြေတွေမှာ ဆားငန်ရေတွေဝင်သွားပြီး မျိုးစပါးတွေလည်း မုန်တိုင်းနဲ့ ပျက်စီးသွားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ လယ်သမားတွေက RFA ကိုပြောပါတယ်။

ဒါပေမဲ့ တချို့လယ်သမားတွေကတော့ အဲဒီဆားငန်ရေဝင်သွားတဲ့ လယ်ကွက်တွေမှာပဲ ရသလောက်လုပ်ကိုင်နေကြ‌ပေမယ့် အဲဒီလယ်မြေမှာ စပါးဖြစ်ထွန်းမယ်၊ မဖြစ်ထွန်းဘူးဆိုတာကိုတော့ မသိကြဘူးလို့ဆိုပါတယ်။

စစ်ကောင်စီကတော့ မုန်တိုင်းသင့်လယ်သမားတွေအတွက် မျိုးစပါးတင်းခုနစ်သောင်း ဖြန့်ဝေမယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေကနေ ကြေညာထားပါတယ်။

အဲဒီအထဲက စပါးတင်း တစ်သောင်းလေးထောင်ကိုတော့ ရခိုင်ပြည်နယ်အတွက် ပို့ဆောင်နေပြီလို့ ‌ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org