ရခိုင်နဲ့ ပလက်ဝမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါးရှိလာ
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး (၁၈၅,၀၀၀ ဦး) အထိ ရှိလာပါတယ်။
-
RFA Burmese
2024-05-24 -
-
-
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး (၁၈၅,၀၀၀ ဦး) အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာမှုတွေ ဆက်ရှိနေပြီး အရပ်သား ပြည်သူကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်စရာတွေလည်း ဆက်လက်မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် စစ်ကောင်စီ ကုန်းလမ်း၊ ရေလမ်းတွေကိုပါ သွားလာခွင့်ပိတ်ပင်ထားတာကြောင့် စားနပ်ရိက္ခာအတွက် အခက်ကြုံနေရတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
ဒီအပြင်တိုက်ပွဲတွေ ပြင်းထန်လာမှာစိုးရိမ်တာကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့က ဒေသခံ တစ်ထောင်ကျော်ဟာ မြို့ကိုစွန့်ခွာတာရှိခဲ့သလို မောင်တောမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲကြား လူနှစ်သောင်းခန့် ပိတ်မိနေပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်တွေဟာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေးပြားရောဂါနဲ့ ကူးစက်ရောဂါတွေဖြစ်နေပြီး အသက်သေဆုံးတာတွေလည်း ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည် အကူညီပေးနေသူတွေက ပြောပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်တွေအပြင် မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာရှိတဲ့ ရွာ ၁၀ ရွာကလူဦးရေ တစ်သောင်းခန့်ဟာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် မေလ ၁၄ ရက်ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မွန်ပြည်နယ် ဘီးလင်းနဲ့ သထုံမြို့နယ်က ဒေသခံ လေးထောင်ကျော်ဟာလည်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မေလ ၁၅ ရက်နေ့ကတည်းက နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာလည်း တိုက်ပွဲကြောင့် ကျေးရွာနှစ်ရွာကလူ ရှစ်ရာကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ UNCOHA က ပြောထားပါတယ်။