ရထားလမ်း စီမံကိန်းကူညီမှုရပ်တန့်ဖို့ ဂျပန်ကို Justice for Myanmar တောင်းဆို

မြန်မာစစ်တပ်က စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချနိုင်တာကြောင့် စီမံကိန်းရပ်တန့်ဖို့ ဂျပန်ကို Justice for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အမှတ် ၉၀ အစုန် မော်လမြိုင် - ရန်ကုန် ရထားအား မော်လမြိုင်ဘူတာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းက ရထားလမ်း တည်ဆောက်အဆင့်မြှင့်တင်ရေး စီမံကိန်းတွေကို ဆက်လက်အကောင် အထည် ဖော်နေတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်က ဒီ အခြေခံအဆောက်အဦတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချနိုင်တာကြောင့် စီမံကိန်း ရပ်တန့်ဖို့ Justice for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ဟာ အာဏာ မသိမ်းခင်က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ချေးငွေတွေပေးအပ်ခဲ့ရာမှာ၊ အခုအချိန်မှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားလုပ်ငန်းက ဒေါ်လာ သန်းပေါင်းများစွာ လက်ခံရရှိခဲ့တဲ့အကြောင်း၊ စစ်ကောင်စီလက်ထက်မှာ ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွေ ဆက်လုပ်နေတာဟာ စစ်ကောင်စီကို တရားဝင်ဖြစ်မှု ပေးတဲ့အပြင်၊ မြန်မာနိုင်ငံတစ်ဝန်း သတ်ဖြတ်မှုတွေကျူးလွန်ရာမှာ အသုံးပြုမယ့် စစ်သည်နဲ့ လက်နက်ခဲယမ်းတွေ၊ အခြား ထောက်ပံ့ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်ကို မြှင့်တင်ပေးရာ ရောက်တဲ့အကြောင်း Justice for Myanmar ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ဒီရထားလမ်း စီမံကိန်းတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးမပြုဖို့ ပါဝင်ပေမယ့် စစ်အုပ်စုက အဲဒီရထားလမ်းတွေ ကို တလွဲအသုံးချမှာကို ဂျပန်အစိုးရနဲ့ စီမံကိန်းမှာပါဝင်တဲ့ အဖွဲ့တွေက တားဆီးနိုင်မှာ မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org