ကျောက်ဖြူနဲ့ ကူမင်း ရထား လမ်းဖောက်ဖို့ တရုတ်ပြောကြား
2016.06.18

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို မီးရထားလမ်းဖောက်လုပ်ပေးရေး ကိစ္စ ပြည်ထောင်စုအစိုးရကို တွန်းအားပေးဖို့ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေက နိုင်ငံတကာ ကုန်စည်ပြပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့က ၂၄ ကြိမ်မြောက် နိုင်ငံတကာကုန်စည်ပြပွဲကို တက်ရောက်ခဲ့တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို တောင်းဆို လိုက်တာဖြစ်တယ်လို့ တရုတ်ပြည်ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
"ကူမင်း၊ ကျောက်ဖြူ မီးရထားဖောက်လုပ်ရေးကိုအဓိကတောင်းဆိုတယ်၊ အဖွဲ့တွေအကုန်လုံးက၊ ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်နေတော့ ဘာကိုလိုချင်တာလဲ ဆိုတော့ သူတို့ကပင်လယ်ထွက်ပေါက်ကို လိုချင်တာ၊ ကျနော်တို့ဆီကဖြတ်သွားရင် ဖြတ်သန်းခလောက်နဲ့တော့ တိုင်းပြည်ကအကျိုးမရှိနိုင် ဘူး၊ ပြည်ထောင်စုဝန်ကြီးရဲ့သဘောထားပေါ့၊ ဒါကြောင့် ကျနော်တို့က ခေါင်းမညိတ်ခဲ့ဘူး၊ အထက်ကိုပဲ တင်ပြပေးပါမယ်ဆိုပြီး ကျနော်တို့ပြန်လာခဲ့ကြတယ်"
ကျောက်ဖြူ- ကူမင်း မီးရထားလမ်းကိစ္စကို တောင်းဆိုသူတွေထဲမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနဲ့ ပေါက်ချန်းပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ ဥက္ကဌတို့ ပါဝင်တယ်လို့ ဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ ဝန်ကြီးချုပ်တွေကတော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ပွင့်လင်းပြီး မျှတတဲ့ကုန်သွယ်မှုတစ်ရပ် ဖြစ်လာဖို့အတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ ကျောက်ဖြူမြို့ကနေ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုးနဲ့ မူဆယ်မြို့တွေကိုဖြတ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့အထိ မီးရထားလမ်းဖောက်လုပ်ဖို့အတွက် ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာကတည်းက တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေတာဖြစ်ပါတယ်။
ကူမင်းမြို့မှာ ၂၄ ကြိမ်မြောက် နိုင်ငံတကာကုန်စည်ပြပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာကျင်းပတဲ့ နိုင်ငံ တကာကုန်စည်ပြပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနဲ့ ပေါက်ချန်းပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ ဥက္ကဌတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
တရုတ်ပြည်ခရီးစဉ်အတွင်း နှစ်ဖက်အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့မှာ ပါဝင်တဲ့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။