သေမင်းတမန်ပြတိုက် ရှေ့လ အတွင်း စတင်ပြုပြင်မည်
2014.03.14

မွန်ပြည်နယ် သံဖြူဇရပ်မြို့က "သေမင်းတမန် ရထားလမ်း" ပြတိုက်ကို လာမယ့် ဧပြီလမှာ စတင်ပြုပြင်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ဒီနေ့ ပြည်သူ့လွှတ်တော် မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ မေးခွန်း ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်က သေမင်းတမန်ပြတိုက်ကို ပြုပြင်ဖို့ ရှိ မရှိ မေးမြန်းရာမှာ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက အခုလို ဖြေကြားခဲ့ပါတယ်။
"အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ဈေးဆိုင် များ တည်ဆောက်ခြင်း၊ အဆင့်မြင့် နားနေဆောင်များ တည်ဆောက်ခြင်းဖြင့် သေမင်းတမန်ပြတိုက်အား ရေရှည်ထိန်းသိမ်းစောင့်ရှောက် သွားမည် ဖြစ်ပါသည်၊ ပြတိုက်ကို ၂ဝ၁၄ ခုနှစ် ဧပြီလမှာ စတင်ဆောင်ရွက်မှာ ဖြစ်ပါသည်၊ သေမင်း တမန်ပြတိုက်နေရာ ပြုပြင်ထိန်းသိမ်းပြီး အဆင့်မြင့်တင်ရေးအတွက် မီးရထားဌာနနှင့် ပြည်နယ် စည်ပင်သာယာရေးကော်မတီတို့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်"
ဒုတိယကမ္ဘာစစ်အတွင်း ဖောက်လုပ်ခဲ့တဲ့ အဲဒီ သေမင်းတမန် ရထားလမ်းဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) မြို့အထိ အရှည်မိုင်ပေါင်း ၂၅၀ ရှိပြီး မြန်မာနိုင်ငံအတွင်းပိုင်းမှာ ၆၅ မိုင်လောက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီရထားလမ်းဖောက်လုပ်ရာမှာ ချွေးတပ်သားပေါင်း ၈သောင်းကျော်နဲ့ မဟာမိတ် စစ်သား ၁ သောင်းကျော် သေဆုံးခဲ့ပါတယ်။
သေမင်းတမန်ပြတိုက်ကို ၁၉၉၄ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ရထားလမ်းဖောက်လုပ်စဉ်က ချွေးတပ်သားတွေ အသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အစားတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို ပြသထားတာဖြစ်ပါတယ်။