ခွဲတမ်းစနစ်သစ်ကြောင့် မှောင်ခို ဓာတ်ဆီ ဈေးတက်
ရန်ကုန်မြို့က ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေမှာ တနေ့ကို ကားတစီးအတွက် ၂ ဂါလံနှုန်းပဲ ရောင်းချပေးတဲ့ စနစ်ကို ဧပြီ ၂၅ ရက် မနေ့က စတင်ကျင့်သုံးနေပြီး ပြင်ပ မှောင်ခိုဈေးကွက်မှာ ဓာတ်ဆီဈေး တက်သွားတယ်လို့ စုံစမ်း သိရှိရပါတယ်။
-
2011-04-26 -
-
-
အရင်က ဓာတ်ဆီတဂါလံ ကျပ် ၂,၅၀၀ နဲ့ ကားတစီးအတွက် တရက်ကို ၄ ဂါလံ ထုတ်ရောင်းပေးခဲ့ပါတယ်။ အဲဒီတုန်းက ပြင်ပမှောင်ခိုဈေးကွက်ကို သွင်းဈေးက ကျပ် ၅,၀၀၀ လောက်ဖြစ်ပြီး ပြန်ဝယ်သူက ၅,၂၀၀ လောက် ပေးရပါတယ်။
အခုချိန်မှာ တရက်ကို ၂ ဂါလံပဲ ဝယ်ခွင့်ရတော့တဲ့အခါမှာ သွင်းဈေးက ၅,၂၀၀ လောက် ရပြီး၊ ပြန်ဝယ်သုံးသူက ၅,၅၀၀-၅,၆၀၀ လောက် ပေးနေရတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့ခံတဦးက အခုလို ပြောပါတယ်။
“မနေ့ကမှ စတာပေါ့။ ၂ ဂါလံကို တခါစီရင် ၃ ရက်စာ ၆ ဂါလံထုတ်။ ဒီနေ့ သွင်းဈေးကတဲ့ ၅,၂၀၀ လို့တောင် ကြားနေတယ်။ သူတို့က ၅,၅၀၀-၅,၆၀၀ လောက် ရောင်းမယ်။ တဂါလံကို ၂,၅၀၀ မြတ်တယ်ဆိုတော့ စီကြတာပေါ့ အစ်ကိုရာ။ ဒီ ဓာတ်ဆီဆိုင်ကြည့်လိုက်၊ ဘယ်နေရာကြည့်ကြည့် ကားတန်းချည်းပဲ။”
မကွေးတိုင်း ချောက်မြို့မှာတော့ ကားတစီး တခါတန်းစီရင် ဓာတ်ဆီ ၁ ဂါလံ ထုတ်ပေးပြီး ပြင်ပပေါက်ဈေး ၆,၀၀၀ ကျပ်လောက် ဖြစ်နေတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။
“ကျွန်တော်တို့ဆီက အခု ထုတ်နေတာက ထုတ်ဈေးက နှစ်ထောင်နဲ့ ငါးရာ ရှိတယ်။ အပြင်မှာက ၆,၀၀၀ ကို ရောင်းတာ။ ကျွန်တော်တို့ ချောက်မှာ တနေ့ကို ဘယ်လောက် ထုတ်ပေးနေလဲဆို တန်းစီလို့ ရှိရင်တော့ တဂါလံ ထုတ်ပေးတယ်လေ။ ဒါပေမဲ့ တန်းစီတာကလည်း ဒီလိုဗျာ၊ စီပြီးတော့ ကျွန်တော်တို့ ရွာကလူတွေ၊ နယ်ကလူတွေကတော့ မစောင့်နိုင်ပါဘူး၊ အဲဒီ မြို့ပေါ်က စီးပွားရေးသမားတွေကတော့ စောင့်ပြီး အပြင်လေး ခဏ ခဏလေး ထုတ်ထုတ်ပြီး ကဲ့ရောင်းနေကြတာပေါ့၊ သူတို့ကတော့။”
အလားတူပဲ မြန်မာနိုင်ငံ မြို့နယ်အနှံ့အပြားမှာ ဓာတ်ဆီဈေးတွေ တက်နေတယ်လို့လည်း သိရပါတယ်။