လေပြင်းကြောင့် ပျော်ဘွယ်မြို့နယ်မှာ နေအိမ် ခုနစ်ဆယ်ကျော်ပျက်စီး

ပျော်ဘွယ်မြို့နယ် ကန်တဲရွာမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၇၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အဲဒီရွာခံတွေနဲ့ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

ပျော်ဘွယ်မြို့နယ် ကန်တဲရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်က တွေ့ရစဥ်။ Pyawbwe Fire Services Department

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ကန်တဲရွာမှာ ဧပြီလ ၂၉ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၇၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အဲဒီရွာခံတွေနဲ့ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

လေပြင်းကြောင့် ကန်တဲရွာက နေအိမ်တွေရဲ့ ခေါင်မိုးနဲ့ အကာအရံတွေ ပျက်စီးခဲ့တာလို့ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“ညနေ ခြောက်နာရီခွဲလောက်က ဖြစ်တာပေါ့။ မြို့ပေါ်တော့ လေက တအားကြီး မတိုက်ဘူးဗျ။ ပုံမှန်လောက်ပဲ လေပွေလေး နည်းနည်းတိုက်တယ်။ အဲဒီ အနောက်ဘက်နယ်မှကျတော့ လေပြင်းတိုက်ပြီးတော့ မိုးနည်းနည်းပါတာပေါ့။ အဲဒီရွာပဲ ဖြစ်တာပေါ့။ အဓိက,ကတော့ လေကာမရှိတာနဲ့ အိမ်အမြင့်တွေဆိုတော့ အမိုးနဲ့ ဒိုင်းမျှားတွေ ပြတ်ပါတာပေါ့။ ကျန်တဲ့နေရာတွေကတော့ သာမာန်လောက်ပါပဲ”

နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူနဲ့တိရစ္ဆာန်တွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ နေအိမ် ၇၁ လုံးမှာ နေထိုင်သူ ၂၄၂ ဦးရှိပေမယ့် ပျက်စီးတာတွေကို ပြန်လည်ပြင်ဆင်နေကြသလို လက်ရှိလည်းနေထိုင်လို့ရတာကြောင့် ကယ်ဆယ်ရေးစခန်း ဖွင့်ရတာမျိုးမရှိဘူးလို့ ပျော်ဘွယ် မီးသတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကန်တဲရွာဟာ နေအိမ်လေးရာနီးပါးရှိပြီး ပျော်ဘွယ်မြို့ရဲ့ အနောက်ဘက် ၂၇ မိုင်ခန့်အကွာမှာ ရှိပါတယ်။

မေလ ၃ ရက်နေ့ကနေ မေလ ၅ ရက်နေ့အတွင်း မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး မိုးတိမ်အားကောင်းတဲ့ဒေသတွေမှာ လေပြင်း တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၉ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org