ပူတာအိုမှာ ဆေးမြစ်ရှာရင်း တောင်ပေါ်က ချော်ကျလို့ ဒေသခံနှစ်ဦး သေဆုံး
ပူတာအိုမြို့နယ်၊ နောင်မွန်မြို့နယ်မှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် ဒေသခံအများစုက လမ်းခရီးနဲ့ ရာသီဥတု ကြမ်းတမ်းတဲ့ ရေခဲတောင်ဒေသတွေမှာ ဆေးမြစ်ရှာတာကို အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြတာဖြစ်ပါတယ်။
- 2022-09-27
-
-
-
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပန်နန်းဒင်မြို့ အထက်ဘက် တောင်ပေါ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဆေးမြစ်ရှာဖွေရင်း တောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောပါတယ်။
“ပန်နန်းဒင်အထက်ဘက် တောင်နက်ကြီးမှာ ဘေချီ ဆေးမြစ်ရှာရင်း တောင်ပေါ် ကျောက်ဆောင်ကနေ ခြေချော်ပြီး ပြုတ်ကျသေသွားတာ။ မနက်ပိုင်းဖြစ်တာ ညနေပိုင်းဆုံးသွားတာ။ သူတို့ နှစ်ယောက် ဆုံးတဲ့နေရာက မတူဘူး။ တစ်တောင်ဆီမှာ။ တစ်ယောက်က ကျနော့်ဦးလေး နောက်တစ်ယောက်က ကျနော့် ညီမဝမ်းကွဲ”
သေဆုံးသွားသူ နှစ်ယောက်ကတော့ ပူတာအိုမြို့နယ် မလိခွမ်ကျေးရွာက ကိုယ်ဝန်လေးလ လွယ်ထားတဲ့ ကလေးသုံးယောက်မိခင် အသက်၂၈ နှစ်အရွယ် ဒေါ်နင်ဆာရ်းနဲ့ အသက် ၄၀ အရွယ် ဦးဖုန်ဆိန်းတို့ ဖြစ်တယ်လို့ ဆွေမျိုးတော်စပ်သူ ကိုဆန်လုရမ်ဆိန်းက ဆိုပါတယ်။
ဘေချီဆေးမြစ်ဟာ အန္တရာယ်များတဲ့ တောင်ပေါ်အမြင့် ချောက်ကမ်းပါးပေါ်တွေမှာသာ ပေါက်တဲ့ ဆေးမြစ်ဖြစ်ပြီး တရုတ်နိုင်ငံသားတွေ အစာအိမ်ဆေး ဖော်စပ်ရာမှာ အသုံးပြုကြတာဖြစ်ကြောင်း ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဆေးမြစ်ကို တရုတ်တွေက အဓိက ဝယ်ယူကြတာဖြစ်ပြီး ဘေချီ ဆေးမြစ်အခြောက် တစ်ပိဿာကို ကျပ်ငွေ ကိုးသိန်းဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်ကြတယ်လို့လည်း ဆိုပါတယ်။
ပူတာအိုမြို့နယ်၊ နောင်မွန်မြို့နယ်မှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် ဒေသခံအများစုက လမ်းခရီးနဲ့ ရာသီဥတု ကြမ်းတမ်းတဲ့ ရေခဲတောင်ဒေသတွေမှာ ဆေးမြစ်ရှာတာကို အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြတာဖြစ်ပါတယ်။
ဒီနှစ်ထဲမှာ ဆေးမြစ်ရှာရင်း တောင်ပေါ်က ချော်ကျပြီး သေဆုံးသွားသူ ခြောက်ယောက်ရှိနေပြီလို့လည်း ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။