ပူတာအိုမှာ ဆန်၊ လောင်စာဆီနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း ထိုးတက်နေ
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲမှာ ဒေသ မတည်ငြိမ်တဲ့အတွက် အခုရက်ပိုင်းအတွင်း အခြေခံစားကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်နေပြီး ဈေးနှုန်းတွေလည်း အဆမတန် ကြီးမြင့်နေတယ်လို့ သိရပါတယ်။
-
2013-01-27 -
-
-
ပူတာအိုဖက်ကို အဓိကကုန်ပစ္စည်း သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းဖြစ်တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းဟာ ယခုသီတင်းပတ်တွေအတွင်း လုံခြုံရေး အခြေအနေကြောင့် အသွားအလာ နည်းလာတဲ့ အတွက် ပူတာအိုဖက်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာပါ။
အခုရက်ပိုင်းအတွင်း ပူတာအိုမှာ ကြက်သွန်နီ တစ်ပိဿာကို ကျပ် နှစ်ထောင်ကနေ ရှစ်ထောင်အထိ ခုန်တက်သွားခဲ့တဲ့ အပြင် အခြားလူသုံးပစ္စည်းတွေလည်း အဆမတန်ဈေးကြီးမြင့်နေတယ်လို့ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ရဲ့ကချင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က RFA ကိုပြောပြပါတယ်။
အရင်က မြစ်ကြီးနားကနေ ပူတာအိုဘက်ကိုကုန်ကားတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်တဲ့အခါ သုံး၊ လေးရက်နဲ့ ရောက်နိုင်ပေမဲ့ အခုလို တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အနည်းဆုံးတစ်လ ကျော်ကြာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော လုံခြုံရေးအခြေအနေတွေအရ ကမ္ဘာလှည့်ခရီးသည်တွေကို ပူတာအိုဒေသဘက်ကို သွားရောက်လည်ပတ်ခွင့် တားမြစ်ထားပါတယ်။