ပုလောက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် အကူအညီလိုအပ်နေ

စစ်ဘေးဒုက္ခသည်တွေမှာ စားသောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ အကူအညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီထိုးစစ်ကြောင့် ကျေးရွာ ဆယ်ရွာကျော်က ဒေသခံ ၃၅၀၀ နီးပါးဟာ ဘေးလွှတ်ရာထွက်ပြေးနေရပြီး စားနပ်ရိက္ခာအပါအဝင် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ သူတို့ကို အကူအညီပေးသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေမှာ စားသောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ အကူအညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာတွေထဲ စစ်ကြောင်းတွေထိုးတော့ အကုန်လုံးက ထွက်ပြေးကြတာ၊ တချို့က မြိတ်ဘက်ကိုပြေးတယ်၊ တချို့က လွတ်မြောက်နယ်မြေက ဒုက္ခသည်စခန်းတွေ ပြေးတယ်၊ တချို့က နီးစပ်ရာတောတွေထဲပြေးကြာတာ၊ အကုန်လုံးကတော့ စားသောက်စရာအပါအဝင် အကုန်လုံးလိုအပ်နေတာ၊ တောထဲပြေးတဲ့လူတွေက ပိုအခက်အခဲဖြစ်တယ်၊ လမ်းပေါ်လည်း တက်မရ၊ လွတ်မြောက်နယ်မြေလည်း လာမရ"

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ ကြဲရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပြီးကတည်းက ကြဲ၊ စက်တော်ရာ၊ တပို၊ ဇရပ်ဆိပ်၊ ကျောက်ကမ်းဖဲ၊ မိန်းမမြို့၊ ဘိုင်းပြင်၊ မင်းပြင်၊ ပလ၊ တို၊ တန်းရှင်းနဲ့ သင်္ကန်းတော စတဲ့ ရွာတွေက ဘေးလွှတ်ရာ ထွက်ပြေးခဲ့ရတာလို့လည်း ဆိုပါတယ်။

လွတ်မြောက်နယ်မြေဘက်ကို စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်လောက် ထွက်ပြေးလာပြီး အရင်ကတည်းက နှစ်ထောင်ရှိတာကြောင့် ငါးထောင်ကျော်သွားပြီလို့လည်း ဆိုပါတယ်။ အဲလူတွေအတွက် ဆေးဝါးနဲ့ ရိက္ခာပို့ဖို့အတွက် စစ်ကောင်စီက ပြည်ထောင်စုလမ်းကို ပိတ်ထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ရာဘာတောတွေ၊ ဥယျာဉ်တွေနဲ့ လယ်ကွင်းတွေထဲမှာ ရွာအလိုက်စုနေကြတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ဝန်းကျင်ရှိပြီး သူတို့အတွက် စားသောက်စရာ အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နိုင်ဝင်ဘာလ ၂ ရက်နေ့အထိ စစ်ကြောင်းတွေ ပြန်လည်ရုပ်သိမ်းတာမရှိဘဲ ပြည်ထောင်စုလမ်းမတစ်လျှောက်နဲ့ ရွာတွေထဲကို ဝင်ရောက်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း နေ့စဉ်နီးပါး ထိတွေမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာတစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေကြောင့် လူပေါင်း ၅၉,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ FE5 Tanintharyi တာဝန်ရှိသူတွေက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org