မြစ်ဆုံရေကာတာ ကန့်ကွက်ဖို့ လူ ၅၀ ခန့် ရန်ကုန် တရုတ်သံရုံးရှေ့ စုဝေး
ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ မြစ်ဆုံ ရေကာတာ အတွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းကြောင့် သတင်းထောက်တွေ အပါအဝင် လူ ၅၀ လောက်ဟာ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ စုဝေးခဲ့ကြတယ်လို့ သိရပါတယ်။
-
2011-09-19 -
-
-
မြစ်ဆုံရေကာတာ တည်ဆောက်မည့်နေရာ အောက်ဖက်တွင် ဧရာဝတီမြစ်ကို တွေ့ရပုံဖြစ်ပါသည်၊ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူ အမြောက်အမြား ဒုက္ခရောက် ရမည့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အရေး အတွက် မြန်မာအစိုးရကို ကန့်ကွက်ပြောဆိုနေကြပါသည်။
Photo: Colegota/Wikipedia
ဒီကနေ့မနက် ၁၀ နာရီလောက်က လူတစ်ချို့ စုရုံးရောက်ရှိခဲ့ပေမယ့် သတင်းအရ အာဏာပိုင်တွေက ရဲနဲ့ စစ်တပ် လုံခြုံရေး တင်းတင်းကြပ် ကြိုတင် ချထားခဲ့တဲ့ အတွက် ဆန္ဒပြပွဲ မဖြစ်ခဲ့ဘူးလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ရဲ နဲ့စစ်တပ်တွေဟာ တရုတ်သံရုံး အနီးအနားမှာ စောင့်ဆိုင်းနေပြီး ရန်ကုန် ကလေးဆေးရုံကြီး ဝင်းအတွင်းမှာလည်း လုံခြုံရေး တပ်ဖွဲ့တွေ ဆက်လက်ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်ဆုံမှာ ဆည်တည်ဆောက်ပြီး တရုတ်ပြည် အတွက် ရေအား လျှပ်စစ် ထုတ်ယူမယ့် အစီအစဉ်ကို မြန်မာ နိုင်ငံသားတွေက မကျေနပ်တဲ့ အတွက် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေချိန်မှာ အခုလို တရုတ် သံရုံးရှေ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။