ရွေးကောက်ပွဲ အသိအမှတ်ပြုရေး ဂျာမနီဆွေးနွေးပွဲ ပြည်တွင်းပြည်ပ ရှုတ်ချ
စစ်အစိုးရကကျင်းပမဲ့ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာက အသိအမှတ်ပြုရေးနဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ စက်တင်ဘာ ၁၇ ရက် ဒီကနေ့ ကျင်းပနေတဲ့ ဆွေးနွေးပွဲကို ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီ အင်အားစုတွေက ကန့်ကွက်ရှုတ်ချကြကြောင်း သိရပါတယ်။
-
2010-09-17 -
-
-
ဂျာမနီနိုင်ငံ Friedrich Ebert Stiftung အဖွဲ့က တာဝန်ခံကျင်းပတဲ့ အဲဒီဆွေးနွေးပွဲကို IDE မြန်မာ ၊ E.Gress မြန်မာ ၊ ဥရောပကော်မရှင် စတဲ့အဖွဲ့တွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
ဘာလင်မြို့မှာ ကျင်းပတဲ့ဆွေးနွေးပွဲဟာ မြန်မာပြည်တွင်းက နိုင်ငံရေးလှုပ်ရှားသူတွေကြား စိတ်ဝမ်းကွဲပြားမှု ပိုမိုဖြစ်စေတာကြောင့် အပြင်းအထန် ရှုတ်ချကြောင်း ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်မဲ့ ဒေါက်တာဖုန်းဝင်းက ပြောဆိုလိုက်ပါတယ်။
“ရှုတ်ချတာက ဒီလိုပွဲတွေ လုပ်လို့ရှိရင် မြန်မာ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ကြားထဲမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပြီးတော့ အစိတ်စိတ် အမွှာမွှာ ကွဲပြားပြီးတော့ပေါ့လေ၊ ဒီမိုကရက်တစ် ဘက်တော်သားတွေ အင်အား ချိနဲ့သွားပြီးတော့ စစ်အစိုးရ အုပ်ချုပ်ရေးကိုပဲ သက်တမ်းရှည်စေတဲ့ အဖြစ်မျိုး ဖြစ်ဖြစ်သွားလို့ ကျွန်တော်တို့က ရှုတ်ချတာပါ။ သူတို့က ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲက တချို့ အကြောင်းအရာတွေကပေါ့လေ၊ NLD က မရှိတော့တဲ့အခါမှာ vacume ကြီးတခု၊ လေဟာနယ်ကြီးတခု ဖြစ်ပြီးတော့ NLD နေရာကို ဘယ်သူက ဝင်ယူနိုင်သလဲ၊ NLD ရှိနေလျက်သားနဲ့ပေါ့လေ၊ မရှိတော့တဲ့အခါမှာ လေဟာနယ်ကြီးဆိုတဲ့ အခါကျတော့ အဖွဲ့အစည်းတခုခု ပျက်စီးရမှ နောက် အဖွဲ့အစည်းတခုက ဝင်ရတယ်ဆိုတဲ့ဟာကျတော့လေ တဦးပျက်စီးမှ တဦး အသာရတယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲလို မဟုတ်ပဲနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်လို့ ရှိရင် ပိုမကောင်းဘူးလား။ အဲလိုမျိုး ကျွန်တော်တို့က ဆွေးနွေးစေချင်တာလေ။ အခုဟာတော့ တယောက်ပျက်စီးမှ နောက်တယောက် အောင်မြင်ရမယ်ဆိုတဲ့ သဘောမျိုးလေး ဖြစ်နေလို့ခင်ဗျ။”
ဘာလင်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ဆွေးနွေးပွဲကို မြန်မာ့ရေးရာဌာန (ဂျာမနီ) က ဦးဆောင်ပြီး ဂျာမန်လူမျိုးတွေ အပါအဝင် စုစုပေါင်း လူ ၃၀နီးပါး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲကို ဆန္ဒပြရတဲ့အကြောင်းနဲ့ ပတ်သက်လို့ မြန်မာ့ရေးရာဌာနက ဦးအောင်သန်းဦးက အခုလိုရှင်းပြပါတယ်။
“ဗမာပြည်ကနေ ဒီ နဝတအစိုးရ အလိုကျ lobby လုပ်ပေးနိုင်မဲ့ E-gress အဖွဲ့ဝင်တွေပေါ့ဗျာ၊ အများစုကတော့။ ကျွန်တော် နာမယ်သိသလောက်ဆိုလို့ရှိရင် ဒေါက်တာ ခင်ဇော်ဝင်း သိတယ်၊ နောက်ပြီးတော့ ဒေါ်လှလှစိုး ဆိုတာ သိတယ်။ နေဝင်းမောင်ကတော့ ဒီနေ့ မတက်ပါဘူးခင်ဗျ။ နအဖရဲ့ ဒီဖြစ်စေချင်တဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုဖို့အတွက် သူတို့ လာပြီး lobby လုပ်တဲ့ပွဲလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့တွေကလည်းပဲ ကျွန်တော် ဒီမှာ ရှိတဲ့ မြန်မာ့အရေးကို လှုပ်ရှားနေတဲ့ အဖွဲ့ကလည်းပဲ ဒီ နဝတ အလိုတော်ရိ ဒေါက်တိုင်တွေကို ကျွန်တော်တို့ ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြသလို ကျွန်တော်တို့ ဒီ FES Friedrich Ebert Stiftung Foundation ကိုလည်းပဲ စစ်အစိုးရနဲ့ ပတ်သက်တာကို ပံ့ပိုးကူညီခြင်း မပြုဖို့အတွက် ကျွန်တော်တို့ လာ တောင်းဆိုခြင်း ဖြစ်တယ်။”
ဘာလင်မြို့ဆွေးနွေးပွဲမှာ စစ်အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲအတွင်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မပါဝင်တော့တာကြောင့် ဘယ်သူတွေက NLD ပါတီနေရာမှာ ဝင်ရောက် အနိုင်ယူလာနိုင်သလဲ ဆိုတဲ့ ကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဲဒီဆွေးနွေးပွဲဖြစ်အောင်စီစဉ်တဲ့ Friedrich Ebert Stiftung ဂျာမန် NGO အဖွဲ့ကတော့ စစ်အစိုးရနဲ့ နီးစပ်တဲ့ အဖွဲ့လို့ အဝေဖန်ခံနေရကြောင်း သိရပါတယ်။