ထောင်ထဲမှာ ရေမလုံလောက်လို့ အရေပြားရောဂါတွေဖြစ်နေ

နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သောက်သုံးရေ မလုံလောက်တာကြောင့် အရေပြားရောဂါတွေ အဖြစ်များနေပါတယ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ RFA

နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သောက်သုံးရေ မလုံလောက်တာကြောင့် အရေပြားရောဂါတွေ အဖြစ်များနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အင်းစိန်၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ မြစ်ကြီးနား၊ သာယာဝတီ၊ ပခုက္ကူ၊ ဖျာပုံ၊ မြင်းခြံ၊ ဂန့်ဂေါ၊ ကသာနဲ့ ကလေးထောင်တွေမှာ အခုလိုဖြစ်နေတာလို့ ဆိုပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာဆိုရင် ရေမသန့်တဲ့ ရေတွေချိုးရတာကြောင့် အပူနာနဲ့ ယားနာတွေ ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ ပြောပါတယ်။

မိတ္တီလာထောင်မှာဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုယ်တိုင်ရေဝယ်သုံးနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောပါတယ်။

ထုံးဓာတ်ပါတဲ့ရေတွေကို သောက်ရတာ၊ ရေဝဝလင်လင် မရတာတွေကြောင့် ဗီတာမင်ဓာတ်ချို့တဲ့ပြီး၊ အောက်ပိုင်းချည့်နဲ့ လေဖြန်းရောဂါတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဟာ ထောင်တွင်းသတင်းရင်းမြစ်တွေနဲ့ ချိတ်ဆက်ပြီး အခုလိုထုတ်ပြန်တာ ဖြစ်ပါတယ်။

ထောင်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့လည်း ဆိုပါတယ်။ ထောင်ထဲမှာ ရေမလုံလောက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကိုတော့ မေးလို့မရသေးပါဘူး။

လက်ရှိမြန်မာတစ်နိုင်ငံလုံးမှာ နွေအပူချိန်မြှင့်တက်နေတာကြောင့် လူသေဆုံးတာတွေလည်း ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org