ရေလွှမ်းမိုးမှုဒဏ်ခံ လယ်သမားများကို နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် အရင်းအနှီးထုတ်ပေး

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ လယ်သမားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်က ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေကြီး နှစ်မြှုပ်သွားသည့် ဒေသများရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်နှင့် အရင်းအနှီးငွေကို သမ္မတ ဦးသိန်းစိန်က ပေးအပ်နေစဉ်။ Photo: Myanmar President Office

နိုင်ငံတော် သမ္မတရဲ့ ခရီးစဉ်ဟာ ဒေသခံပြည်သူများရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ရေနစ်မြှုပ်ခဲ့တဲ့ လယ်မြေများ ပြန်လည်ထူထောင်ရေးအတွက် ကူညီပံ့ပိုးဖို့ လာရောက်တာ ဖြစ်တယ်လို့ သိရကြောင်း ပုသိမ်ခရိုင် ဒါးကမြို့မှာ နေထိုင်တဲ့ ဒေသခံ ကိုကျော်သင်းအောင်က RFA ကိုပြောပါတယ်။

အဲဒီလိုတွေ့ဆုံပြီး ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေမှာ ပြန်စိုက်ပျိုးဖို့ စိုက်ပျိုးစရိတ် အရင်းအနှီးအဖြစ် မျိုးစပါး တင်း ၈ သောင်းကျော် ဝယ်ယူ ဖြန့်ဖြူးရေးအတွက် ငွေကျပ်သိန်းပေါင်း လေးထောင်ကျော် ပေးအပ်လှူဒါန်း သွားခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မှာ ပဲခူးမြို့နယ်ကို သွားရောက်ပြီး ပဲခူးမြို့ပတ်ဝန်းကျင်ကို ကြည့်ရှုမယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org