ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း သမ္မတအကြံပေး ခေါင်းဆောင် ပြောဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဉာဏ်ပညာ အင်မတန် ထက်မြက်သူ ဖြစ်တဲ့အတွက် မိမိတို့ အင်မတန် လေးစားရပါကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က RFA ကို ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလ စည်းရုံးရေးခရီးစဉ်တခုအတွင်း မိန့်ခွန်းပြောကြားစဉ် တက်ရောက်လာသော လူထု တစိတ်တဒေသကို တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

"ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုတော့ ကျနော်တို့ရဲ့ အင်မတန်မှလေးစားရတဲ့ အစ်မကြီးပေါ့နော်။ နောက်တစ်ခုကလည်း သူ့ရဲ့ အသိဉာဏ် ပညာ အမြော်အမြင်ပေါ့နော်။ ဉာဏ်ပညာတွေ အင်မတန်မှပဲ ထူးခြားတယ်၊ ထက်မြက်တယ်၊ နိုင်ငံတကာနဲ့ပတ်သက်လို့ကလည်း အတော်ကလေး နှံ့နှံ့စပ်စပ် သိမြင်တယ်၊ ဒီအတွက်ကတော့ သူ့အပေါ်မှာ ကျနော်တို့ အများကြီး လေးစားပြီးသား ဖြစ်ပါတယ်။"

အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင် ပါဝင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဟာ အမေရိကန် အစိုးရနဲ့ မြန်မာ အစိုးရ အကြား ဆက်ဆံရေး မြှင့်တင်ရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဆုံဖို့ နယူးယောက် မြို့တော်ကို ရောက်ရှိနေစဉ် အတွင်း RFA ကို သီးသန့် တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ တိုးတက် ပြောင်းလဲမှုတွေကို ဆောင်ကြဉ်း ပေးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့လည်း ဦးကိုကိုလှိုင်က RFA ကို ပြောခဲ့ပါတယ်။

"သူက ပြည်သူ့အပေါ်မှာ၊ နိုင်ငံတကာ အသိုင်းအဝန်းအပေါ်မှာ တော်တော်လေးကို ဆွဲဆောင်နိုင်တယ်။ ဆက်သွယ်ထားနိုင်တဲ့ ကွန်ရက်တွေရှိနေတယ် ဆိုတော့ ဒါတွေကို အသုံးပြုပြီးတော့မှ ကျနော်တို့နိုင်ငံရဲ့ ကောင်းကျိုးအတွက်ပေါ့နော်၊ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် သူ အများကြီး ဖြည့်ဆည်းပေးနိုင်မယ်။ တကယ်ကို ထိထိရောက်ရောက် အကျိုးပြုနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။"

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ်နဲ့ အမေရိကန် အစိုးရပိုင်းက တခြားအရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းလင်း တင်ပြခဲ့ကြောင်း၊ မြန်မာနိုင်ငံနဲ့ အမေရိကန် အစိုးရအကြား ဆက်ဆံရေးတွေ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ကြောင်း စသဖြင့်လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org