ကျောင်းသားတွေ တောင်းဆိုချက် လိုက်လျောဖို့ နိုင်/ကျဉ်း အဖွဲ့ တိုက်တွန်း


2015.03.05
students-letpadan-620.jpeg လက်ပံတန်းမြို့မှာ ၂ဝ၁၅ ခုနှစ် မတ်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ထားခြင်းကိုခံရတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

လက်ပံတန်းမြို့မှာ တားဆီးခံနေရတဲ့ ကျောင်းသားတွေ ရဲ့ တောင်းဆိုချက်ကိုလိုက်လျောပြီး အခြေအနေ တည်ငြိမ်အောင်ထိန်းသိမ်းဖို့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့က အစိုးရကို တိုက်တွန်းလိုက် ပါတယ်။

ကျောင်းသားတွေက ရန်ကုန်ကိုဝင်ပြီး သပိတ်ရပ်နား မယ်ဆိုတဲ့ အစီအစဉ်ဟာ သူတို့ရဲ့အမျှော်အမြင်ကြီးမှုနဲ့ လိုက်လျောမှုဖြစ်တဲ့အတွက် အစိုးရကလည်း လိုက်လျောသင့်လို့ အခုလိုတိုက်တွန်းတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးက RFA ကိုပြောပါတယ်။

"ကျောင်းသားတွေတောင်းဆိုတဲ့ ၈ ချက်ကို အစိုးရ အနေနဲ့ လိုက်လျောပေးမယ်ဆိုတဲ့အချက်ကို ကျနော်တို့က အဓိကထားပြောချင်တယ်၊ အခု လက်ရှိလက်ပံတန်းမှာဖြစ်နေတဲ့ ဥစ္စာရဲ့တင်းမာမှုပြဿနာက အဲ့ဒီအချက်တွေမှာမူတည်နေတယ်၊ ကျောင်း သားတွေက အများကြီးသူတို့ဘက်ကနေ လိုက်လျောပေးခဲ့ပြီးပြီ၊ အရင်တောင်းဆိုချက်တွေကနေ အများကြီးလျော့ခဲ့ပြီးပြီလေ၊ လျော့ခဲ့ပြီးတဲ့ဥစ္စာကို အစိုးရအနေနဲ့ မလိုက်လျောဘူးဆိုရင်တော့ ဒါဟာအစိုးရအနေနဲ့ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရမယ်လို့တော့ ကျနော်တို့ကယူဆတယ်၊ အစိုးရအနေနဲ့ ဒီလိုတင်းမာမှုကို လက်တွေ့ကျင့်သုံးခဲ့တယ်ဆိုရင် ဒီပြဿနာတွေက ဘယ်လိုမှပြေလည်နိုင်မှာ မဟုတ် ဘူးလေ၊ ဒါအစိုးရအနေနဲ့ အများကြီးစဉ်းစားသင့်တဲ့ ကိစ္စအချက်အလက်တွေပါ"

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဟာ ကျောင်းသားသပိတ်စစ်ကြောင်း သွားရာလမ်းတလျှောက် မှာ လူအင်အား၊ ရုပ်ဝတ္ထုပစ္စည်းအင်အားကို တတ်နိုင်သလောက် ပံ့ပိုးကူညီနေတယ်လို့လည်း ပြောပါတယ်။

လက်ပံတန်းမြို့မှာ ရဲအင်အားအလုံးအရင်းနဲ့ တားဆီးပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းကို ဒေသ ခံပြည်သူတွေနဲ့ တွေ့ဆုံခွင့်မရအောင်ပိတ်ထားတဲ့အပြင်၊ မနေ့ညက အစားအသောက် ပေးခွင့်ဖြတ်တောက်ခံခဲ့ရ တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မြင်းခြံခရိုင် ဥက္ကဌ ကိုမိုးစက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။