ပြည်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ငါးဦး ရိုက်နှက်ခံရ

ပဲခူးတိုင်းက ပြည်အကျဥ်းထောင်မှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာ ထောင်အာဏာပိုင်တွေက ရိုက်နှက်တာကြောင့် နိုင်ငံရေးအကျဥ်းသား ငါးဦးဒဏ်ရာရခဲ့တယ်လို့ PPNM က ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း ပြည်မြို့ အကျဉ်းထောင်အား တွေ့ရစဥ်။ Citizen Photo

ပဲခူးတိုင်းက ပြည်အကျဥ်းထောင်မှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာ ထောင်အာဏာပိုင်တွေက ရိုက်နှက်တာကြောင့် နိုင်ငံရေးအကျဥ်းသား ငါးဦးဒဏ်ရာ ရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ပြည်အကျဥ်းထောင်က စားရိပ်သာတာဝန်ခံ (ဖိုခေါင်း) ဖြစ်သူ အကျဥ်းသားလင်းထိန်က အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို လက်သီးနဲ့ထိုးခဲ့ရာကနေ စတင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဥ်းသားတစ်ဦးကို အနိုင်ကျင့် ရိုက်နှက်မှုအပေါ် တရားမျှတမှုရဖို့ ထောင်တာဝန်ရှိသူတွေကို အရေးယူဖို့ တိုင်ကြားခဲ့ပေမဲ့ အကျဥ်းထောင် တာဝန်ရှိသူတွေက ရိုက်နှက်ခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ရဲ့ တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“နှစ်ပွင့်ဖြစ်တဲ့ ထောင်မှူးဆီကို ဖြေရှင်းပေးဖို့ ကျွန်တော်တို့ နိုင်/ကျဥ်းတွေက အေးအေးဆေးဆေး တောင်းဆိုနေချိန်မှာပဲ တစ်ပွင့်နဲ့အရာရှိဆိုတဲ့ တေဇာဝင်းက ဝင်ရိုက်ဖို့ အမိန့်ပေးခဲ့တာ၊ ဝင်ရိုက်တဲ့အထဲမှာ ထောင်ဝန်ထမ်း ဥက္ကာမိုး အပါအဝင် နှစ်ဦးနဲ့ တခြားရာဇဝတ်မှုနဲ့ ထောင်ကျနေတဲ့ အကျဥ်းသား စူပါဖိုးရယ်၊ စာရေး ငတိတို့ပါတဲ့ အစုအဖွဲ့က ဝါးဆစ်တုတ်တွေ၊ သစ်သားတုတ်တွေ၊ ဓားတွေ ကိုင်ဆောင်ပြီး နိုင်ငံရေး အကျဥ်းသားတွေကို ဝင်ရိုက်ခဲ့တာပါ”

ဒါ့အပြင် နိုင်ငံရေး အကျဥ်းသားတွေအပေါ် ရိုက်နှက်ဖိနှိပ်မှုကိစ္စကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်အကျဥ်းထောင်က တာဝန်ရှိသူတွေကို တောင်းဆိုထားကြောင်း သူက ပြောပါတယ်။

ရိုက်နှက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ငါးဦးကတော့ ဦးခေါင်းနဲ့ ခြေထောက်တို့မှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ဆေးကုသခွင့် ရမရ နောက်ဆက်တွဲအခြေအနေကိုတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၂၈,၆၃၇ ဖမ်းဆီးခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org