အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၁၃၀ ထောင်ပြောင်းရွှေ့ခံရ
အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၃၀ ဦးနဲ့ အမျိုးသား ၁၀၀ ဦး၊ စုစုပေါင်း ၁၃၀ တို့ကို ဧပြီ ၂၄ ရက် မနေ့က ထောင်ပြောင်းရွှေ့လိုက်ပါတယ်။
- 2022-04-25
-
-
-
အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၃၀ ဦးနဲ့ အမျိုးသား ၁၀၀ ဦး၊ စုစုပေါင်း ၁၃၀ တို့ကို ဧပြီ ၂၄ ရက် မနေ့က ထောင်ပြောင်းရွှေ့ လိုက်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက မနေ့က ထုတ်ပြန်ပါတယ်။
ဒီအရေအတွက်ဟာ မိသားစုဝင်တွေကို မေးမြန်း အတည်ပြုထားတာလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ကောင်းဆက်က RFA ကို ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသား ၁၃၀ ဆိုတဲ့ စာရင်းက မိသားစုဝင်တွေဆီက အချက်အလက် ရတာပါ။ အခုလိုထောင်ပြောင်းလိုက်တယ်ဆိုတာ ထောင်အတွင်းမှာ နိုင်ငံရေး မလုပ်နိုင်အောင် ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လူစုခွဲလိုက်တဲ့သဘောပါပဲ"
အဲဒီအထဲမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဆစ်နိုင်၊ ကိုအောင်ဖုန်းမော်၊ ကိုထူးအံ့ဝေတို့ကို ဒိုက်ဦးထောင်၊ ကိုအေးအောင်နဲ့ ကိုလေပြေစိုးမိုးတို့ကို သာယာဝတီထောင်နဲ့၊ ကိုငြိမ်းချမ်းနဲ့ ကိုသုတစိုးတို့ကို ကျိုက်မရောထောင် စတဲ့ ထောင်အသီးသီးကို တခြား နိုင်ငံရေးအကျဉ်းသားတချို့နဲ့အတူ ပို့ဆောင်ခံလိုက်ရတယ်လို့ ပြောပါတယ်။
ကိုဆစ်နိုင်ရဲ့ မိသားစုဝင်တစ်ဦးကတော့ အခုလို ပြောင်းရွှေ့တာနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်တွေက မိသားစုဝင်တွေကို အသိပေးတာမရှိဘူးလို့ ပြောပါတယ်။
"ဟိုတစ်နေ့က ထောင်ပြောင်းမယ်လို့ သတင်းထွက်လာလို့ မနေ့ကသွားကြည့်တယ်။ ထောင်ပြောင်းတဲ့ စာရင်းမှာ ကိုဆစ်နိုင်နာမည် တွေ့ပါတယ်။ အခုလို ထောင် ပြောင်းလိုက်တော့ ထောင်ဝင်စာတွေ့ဖို့က အရမ်းခက်ခဲသွားပြီ။ အင်းစိန်ထောင်ထဲ မှာလည်း ထောင်အာဏာပိုင်တွေ နှိပ်ကွပ်တာကို ပုံစံမျိုးစုံနဲ့ ခံခဲ့ရတာ။ အခု နယ်ထောင်တွေကို ပို့လိုက်တော့ ရှေ့လျှောက်ပိုဆိုးလာမယ်လို့ ထင်ပါတယ်"
အခုလို အင်းစိန်ထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင် တွေက ပြောင်းရွှေ့လိုက်တာဟာ ထောင်အတွင်း အင်အားလျော့အောင် လုပ်ချင်တဲ့ သဘောလို့ယူဆကြောင်း သူက ဆက်ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းရွှေ့ခံလိုက်ရတာနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူကို RFA က ဒီနေ့ညနေက ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးချုပ်နှောင် ခံထားရသူဟာ ၁၃,၃၃၄ ဦးအထိ ရှိလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။