အကျဉ်းထောင်တွေကို ကြည့်ရှုခွင့်ရဖို့ ဆက်ဆွေးနွေးနေကြောင်း ICRC ပြော
အကျဉ်းထောင်တွေကို လည်ပတ်ကြည့်ရှုခွင့်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ ICRC တာဝန်ရှိသူတွေက ပြောပါတယ်။
-
RFA Burmese
2023-10-26 -
-
-
အကျဉ်းထောင်တွေကို လည်ပတ်ကြည့်ရှုခွင့်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
သုံးနှစ်ကြာပိတ်ထားတဲ့ လူတွေ့ထောင်ဝင်စာကို စစ်ကောင်စီဘက်က ပြန်ခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး RFA က အီးမေးလ်ပို့ မေးမြန်းစဉ် ICRC တာဝန်ရှိသူတစ်ဦးက အဲဒီလို တုံ့ပြန်ဖြေကြားလာတာပါ။
ထိန်းသိမ်းခံထားရသူတွေအတွက် လူတွေ့ထောင်ဝင်စာကို အောက်တိုဘာ ၂၄ ရက်ကစလို့ ပြန်ခွင့်ပြုလိုက်တာ သိရတယ်၊ ဒီလိုလေးနက်ပြီး အရေးပါတဲ့ အကျဉ်းသားတွေနဲ့ သူတို့ ချစ်ခင်ရသူတွေကြား ပုံမှန်တွေ့ဆုံခွင့် ရရှိမှုကို ICRC က ကြိုဆိုတယ်လို့ တုံ့ပြန်စာမှာ ဖော်ပြထားပါတယ်။
ICRC ဟာ လက်ရှိမှာ အကျဉ်းသားမိသားစုတွေနဲ့ ပြန်ဆက်သွယ်တာ၊ အကြံဉာဏ်တွေ ပေးတာ၊ လွတ်မြောက်ပြီး အကျဉ်းသားတွေ အိမ်ပြန်နိုင်ရေးကိစ္စတွေကို ဆက်လက် ကူညီနေပါတယ်လို့လည်း ပြောပါတယ်။
၁၉၉၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို ဝင်ထွက်ကူညီခွင့် ရခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ ၂၀၂၀ အစောပိုင်းက စတင်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေကြောင့် အကျဉ်းထောင်တွေကို ဝင်ရောက် လည်ပတ်ခွင့် ရပ်တန့်သွားတာပါ။
ICRC ဟာ အကျဉ်းကျနေသူတွေကို သူတို့ရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့် ရဖို့အတွက် ၂၀၂၃ ခုနှစ်၊ မတ်လထဲမှာ စစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဲဒီလိုဆွေးနွေးပြီး ခုနစ်လကျော်အကြာ အောက်တိုဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီက အကျဉ်သားတွေကို မိသားစုဝင်တွေနဲ့ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုခဲ့တာပါ။