ပင်မကျောင်းသားသပိတ်ကို ရိုက်နှက်ဖြိုခွင်း၊ ရာနဲ့ချီဖမ်းဆီး


2015.03.10
letpadan-students-crackdown-305.jpg လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကြစဉ်
Photo: Aung Ko Ko/RFA
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို လုံခြုံရေးရဲတပ်ဖွဲ့က ရိုက်နှက် ဖြိုခွင်းပြီး ကျောင်းသား ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ထွက်ပြေးတဲ့အချိန်အထိ ရဲတပ်ဖွဲွ့က လိုက်လံ ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ပင်မသပိတ်စစ်ကြောင်းက ဆရာမ ဒေါ်ဇာဇာထွန်းက ပြောပါတယ်။

"ကျမတို့ကိုရိုက်တဲ့အတွက် ကျမတို့ပြေးတော့ အဲ့မှာ နာရေးကူညီမှုအသင်းကကား သူတို့ကားပေါ်တက် လို့ပြောတော့ ကျမတို့ကားပေါ်တက်တယ်၊ အဲဒီ့ကားပေါ်ထိ ခြေထောက်တွေကို ရိုက်တာပေါ့၊ ၇ ယောက်လောက်ရှိမယ် အဲ့ကားပေါ်ကိုလှမ်းရိုက် တာ၊ အဲ့ဒါကိုမှ ကားပေါ်ကဆင်းခိုင်းတာ"

ဒဏ်ရာရ ကျောင်းသား ကျောင်းသူတွေကို တင်ဆောင်ထားတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ လူနာတင်ယာဉ် ၂ စီးကိုလည်း ရဲတပ်ဖွဲ့က ဝိုင်းရိုက်ခဲ့တယ်လို့ ဒဏ်ရာရသူတွေကိုကူညီခဲ့တဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ပြောပါတယ်။

"လူနာတင်ယာဉ်က ထွက်လို့မရဘူးလေ၊ ထွက်လို့မရတာကို ထွက်ခွင့်တောင်းတာ အဲ့အချိန်မှာရိုက်တာ၊ လူနာကိုကားပေါ်တင်တာ အဲ့ကားပေါ်အထိလိုက်ရိုက်တာ၊ ကျနော်တို့ ဆေးရုံပို့တဲ့လူပို့ပေါ့၊ ကျနော်တို့ ကုလို့ရတဲ့လူနာကကုပေါ့၊ အများအားဖြင့် ဆေးရုံပို့ရတဲ့လူနာကများတယ်၊ ကွဲတာပြဲတာတွေများတယ်"

သပိတ်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နဲ့ ကျောင်းသား ကျောင်းသူ အတော်များများ ဖမ်းဆီးခံရပြီး သတင်းမီဒီယာသမားတွေ၊ သပိတ်ကို ဝန်းရံသူတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လောလောဆယ်ဖမ်းဆီးခံထားရသူ ရာနဲ့ချီရှိကြောင်း၊ သူတို့ကို စစ်ဆေးပြီးတဲ့နောက် လွှတ်ပေးသင့်သူတွေကို လွှတ်ပေးပြီး၊ ဥပဒေချိုးဖောက်သူတွေကို သာယာဝတီအကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်က RFA ကိုပြောပါတယ်၊

ရန်ကုန်မြို့ကို ချီတက်လာတဲ့ ပင်မသပိတ်စစ်ကြောင်းဟာ လက်ပံတန်းမြို့မှာ တားဆီးပိတ်ဆို့ခံထားရပြီး ၉ ရက်မြောက်နေ့မှာ အကြမ်းဖက်ဖြိုခွဲခံရတာဖြစ်ပါတယ်။

ဒီအကြမ်းဖက်ဖြိုခွင်းမှုအကြောင်း RFA သတင်းထောက် မဝေမာထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီဖြိုခွင်းမှုနဲ့ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ပင်မကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ပတ်သက်လို့ နိုင် ငံရေး ခေါင်းဆောင်တွေရဲ့ အမြင်တွေကို RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားတာကိုလည်း နားဆင် နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။