ဂျပန် ငလျင်အတွက် ဝမ်းနည်းခြင်း အခမ်းအနားကျင်းပ

ဂျပန်နိုင်ငံက ငလျင်ဒဏ်ခံ ဒုက္ခသည်တွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားနဲ့ ကူညီရေး လုပ်ငန်းစဉ်တွေကို ဒီကနေ့ ဧပြီ ၅ ရက် မွန်းလွဲပိုင်းက NLD ပါတီဌာနချုပ်မှာ ပြုလုပ်သွားပါတယ်။

ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က ငလျင်ကြီး၏ ဒဏ်နှင့် ဆုနာမိ ရေလှိုင်းဒဏ်များ ခံရပြီးနောက် ဆင်းဒိုင်မြို့ရှိ ခိုလှုံရေးစခန်းတခုတွင် ဒုက္ခသည်များကို နေရာချထားပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

အခမ်းအနားမှာ ငလျင်ဒဏ်ခံ ဒုက္ခသည်တွေ အတွက် ကဗျာစာအုပ် တအုပ် ထုတ်ဝေပြီး ကဗျာ ရွတ်ဆိုပွဲပါ ပြုလုပ်ခဲ့ပါတယ်။ ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ ကဗျာဆရာတွေက ကိုယ်တိုင် ရွတ်တဲ့လူလည်း ရှိတယ်၊ နောက် အဖွဲ့ချုပ် လူငယ်ကလည်း အမျိုးသမီး၊ အမျိုးသားလေးတွေကနေပြီးတော့ ကိုယ်စား ရွတ်ပေးတာလည်း ရှိတယ်။ ကဗျာစာအုပ်ပါ ကဗျာတွေကို ရွတ်ကြတာပဲ။ ကဗျာစာအုပ်ကတော့ ဒီနေ့ ထုတ်ဝေတာ။ ကဗျာစာအုပ်က ဂျပန်ကိုလည်းပဲ ကာလာနဲ့ ဒီက ပရင့်လုပ်ထားတဲ့အတိုင်း ပို့မယ်ပေါ့ဗျာ။ ပို့ပြီးတော့ စာအုပ် ပြန်ထုတ်မယ်။ ထုတ်ပြီး အဲဒီက ရတဲ့ ရန်ပုံငွေကိုလည်း ဂျပန်မှာ ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကျွန်တော်တို့က အလှူငွေ အဖြစ်နဲ့ ထည့်ပါလို့ အဲလို ညွှန်ကြားထားပါတယ်။”

အခမ်းအနားကို တက်ရောက်သူ ၁၀၀ လောက်ရှိပြီး ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က ဝမ်းနည်းခြင်း အထိမ်းအမှတ် စကားပြောကြပါတယ်။ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင် သေဆုံးသူ လူတသောင်းခွဲကျော် ရှိပြီး အပျက်အစီး အဆုံးအရှုံး အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီပြီး ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး RFA မှ ဦးနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org