ပအိုဝ်းဒေသကို စစ်ကောင်စီ အဆိပ်ကျည်တွေ အသုံးပြုတိုက်ခိုက်နေကြောင်း PNLA ပြော
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး အဲဒီအထဲက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် တစ်လုံးဟာ အဆိပ်ကျည်ဖြစ်နေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
-
RFA Burmese
2025-01-25 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့တွေ အဆိပ်ပါတဲ့ လက်နက်ကြီးကျည်တွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) က ဇန်နဝါရီ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့က ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းက ပအိုဝ်းရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး အဲဒီအထဲက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် တစ်လုံးဟာ အဆိပ်ကျည်ဖြစ်နေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။
“သူတို့ အဆိပ်သုံးလာတာတော့ အလုံးပေါင်းများစွာရှိပါတယ်၊ ဒါက မကွဲလို့ တူးဖော်ရရှိခဲ့တဲ့ တစ်လုံးပါ၊ ကျွန်တော်တို့ ရဲဘော်တွေ အဲဒီအဆိပ်ငွေ့တွေ ရှုမိလို့ အပြင်းအထန် ဖျားနာတာတွေ၊ မူးဝေအော့အန်တာ၊ အရေပြားယားယံတာတွေ ခံစားရတဲ့ ရဲဘော်တွေလည်း ရှိပါတယ်”
အခုတူးဖော်ရရှိတဲ့ ကျည်ပေါ်မှာ အဆိပ်လို့ ရေးထားပြီး ဒီလိုကျည်အမျိုးအစားကို ဒါ ပထမဆုံးတွေ့ဖူးတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက ဆီဆိုင်တိုက်ပွဲမှာတော့ စစ်ကောင်စီက ဓာတုအဆိပ်ဗုံးသုံးတိုက်ခိုက်ခဲ့တာကြောင့် PNLA ရဲဘော် ရှစ်ဦး ထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီက အဆိပ်ဗုံး၊ အဆိပ်ကျည်တွေ ပြောင်ပြောင်တင်းတင်း အသုံးပြုလာတာဖြစ်ပြီး ပအိုဝ်းလူမျိုးတွေကို အခုလိုတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ ခွန်ရိန်းယံက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာလောက်ကို PNLA က ချေမှုန်းနိုင်ခဲ့ပေမဲ့ စစ်ကောင်စီက ပအိုဝ်းဒေသခံတွေကို ပေါ်တာဆွဲပြီး လူသားဒိုင်းအနေနဲ့ အင်အားဖြည့်တိုက်ခိုက်နေတယ်လို့ PNLA က စွပ်စွဲထားပါတယ်။
PNLA ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO အဖွဲ့တွေက အင်အား ခုနစ်ရာကျော်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ လေးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း PNLA က ထုတ်ပြန်ထားပါတယ်။