ရန်ကုန်က နာမည်ကြီး ပင်လုံ ပုဂ္ဂလိကဆေးရုံ နှစ်လအပိတ်ခံရ
ရန်ကုန်၊ မြောက်ဒဂုံ မြို့နယ်ထဲမှာဖွင့်ထားတဲ့ ပင်လုံ ပုဂ္ဂလိကဆေးရုံဟာ အချိန်နှစ်လ ယာယီ အပိတ်ခံထားရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။
-
RFA Burmese
2024-01-11 -
-
-
ရန်ကုန်၊ မြောက်ဒဂုံ မြို့နယ်ထဲမှာဖွင့်ထားတဲ့ ပင်လုံ ပုဂ္ဂလိကဆေးရုံဟာ အချိန်နှစ်လ ယာယီ အပိတ်ခံထားရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။
ပင်လုံ ဆေးရုံမှာ ရက်ချိန်း လိုချင်သူတွေနဲ့ ကြိုတင်ဘွတ်ခ်ကင် (Pre-Booking) လိုအပ်တဲ့သူတွေဟာ အခု ဇန်နဝါရီ လကုန်အထိပဲ ရရှိတော့မှာဖြစ်ပြီး ဖေဖော်ဝါရီလနဲ့ မတ်လကိုတော့ ယာယီ ပိတ်ထားမှာဖြစ်တယ်လို့ ဆေးရုံမှာ လက်ရှိ တာဝန်ထမ်း ဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
“ဆေးရုံ ရက်ချိန်း လိုချင်သူတွေနဲ့ ကြိုတင်ဘွတ်ခ်ကင် တင်ချင်တဲ့သူတွေဟာ အခုလ ဇန်နဝါရီ လကုန်တဲ့ ရက်အထိပဲ ရမှာဖြစ်ပါတယ်။ နှစ်လပိုင်း၊ သုံးလပိုင်း နှစ်လ ယာယီ ပိတ်ထားမှာပါ၊ လေးလပိုင်းကျမှ ပြန်ဖွင့်ပါမယ်။ ပင်လုံ ဆေးရုံမှာပြနေကျ ဆရာဝန်တွေ တခြား ဆေးရုံတွေမှာ ထိုင်ကြတာလည်းရှိတော့ ပိတ်ထားတဲ့အချိန် အဲဒီဆေးရုံတွေမှာပဲ သွားပြလို့ရမှာပါ”
ဘာအကြောင်းပြချက်နဲ့ ပိတ်တယ်၊ ဘာကြောင့် ပိတ်လိုက်တယ်ဆိုတာ မသိရဘဲ အထက်က ညွန်ကြားထားတဲ့အတိုင်း ရှင်းပြခြင်း ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ ဥပဒေချုပ် ဦးဌေးအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
မန္တလေးမြို့မှာ နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်း စတဲ့ ပုဂ္ဂလိက ဆေးရုံတွေကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်က ပိတ်ခိုင်းခဲ့သလို အကြီးဆုံး ပုဂ္ဂလိက ဆေးရုံတစ်ခုဖြစ်တဲ့ မင်္ဂလာဆေးရုံမှာ CDM ဆရာဝန်နှစ်ဦး အလုပ် ခန့်ထားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဩဂုတ်လထဲမှာ ပိတ်ခိုင်းခဲ့ပါသေးတယ်။
အခု ရန်ကုန်မြို့က ပင်လုံ ပုဂ္ဂလိက ဆေးရုံကို ယာယီပိတ်မယ့်ကိစ္စနဲ့ ပတ်သက်လို့တော့ ဘာကြောင့်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးသလို ဆေးရုံဘက်ကလည်း တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။