ကျပ် ၅၀၀၀ တန် ဖုန်းကဒ်ရရှိရေး လှုပ်ရှားသူ ၁၁ ဦး ဖမ်းဆီးဟန့်တားခံရ

ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်မြို့နယ်အတွင်းမှာ ဒီကနေ့ မနက် ၈ နာရီလောက်က တန်ဖိုးနည်း ကျပ် ၅၀၀၀ တန် ဖုန်းကဒ်ရရှိရေး လှုပ်ရှားသူ ၁၁ ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးဟန့်တားခဲ့တယ်လို့ သိရပါတယ်။

ငေဋ္ဌြကိြပေး GSM တယ်လီဖုန်းကဒ်။ (Image: RFA) (Image: RFA)

ဒဂုံမြို့သစ်အတွင်းမှာ ကုန်ဈေးနှုန်းကျဆင်းရေး အင်းအားစုအဖွဲ့က ဦးတင်မောင်ကြည် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးက “ပြည်သူများသုံး ငါးထောင်ဖုန်း အမြန်ခွင့်ပြုအုံး”၊ “ကုန်ဈေးနှုန်းများကျဆင်းရေး တန်ဖိုးနည်းဖုန်း သုံးခွင့်ပေး” စတဲ့ စာသားတွေ ရေးသားထားတဲ့ စာရွက်တွေနဲ့ စတစ်ကာတွေ ဖြန့်ဝေတဲ့လှုပ်ရှားမှု လုပ်နေချိန်မှာ အာဏာပိုင်တွေက ဟန့်တား ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အာဏာပိုင်တွေနဲ့ သွားရောက် ဖြေရှင်းပေးခဲ့သူ ကုန်ဈေးနှုန်းကျဆင်းရေး ခေါင်းဆောင် ကိုထင်ကျော်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“ဖမ်းထားတာက ကိုတင်မောင်ကြည်တို့ တစ်ဖွဲ့လုံးဗျ။ တောင်ဒဂုံ အုပ်စုတွေ တစ်ဖွဲ့လုံးကို တားထားတာ။ ကျွန်တော်တို့ ဒီ တန်ဖိုးနည်းဖုန်း ၅၀၀၀ တန်ဖုန်းကို ဆန္ဒဖော်ထုတ်ဖို့အတွက်ကို စာအိတ်တွေ ပြည်သူတွေ လိုက်ဝေတဲ့အခါကျတော့ (၇၀) ရပ်ကွက်က ရယကအဖွဲ့တွေနဲ့ ဒီ ရဲတပ်ဖွဲ့ဝင်တွေက တားပြီးတဲ့အခါကျတော့ ရယကရုံး ခေါ်သွားပြီးတော့မှ မဝေဖို့ လက်မှတ်ထိုးခိုင်းတယ်။ 'လက်မှတ်မထိုးနိုင်ဘူး။ ဒါက ကျွန်တော်တို့ အခြေခံဥပဒေအရ လုပ်တာ' ဆိုတော့ အဲဒါ လက်မခံတော့ ကျွန်တော်တို့ လှမ်းအကြောင်းကြားတော့ ကျွန်တော်တို့ သွားတဲ့အခါမှာ အဲဒီမှာ မြို့နယ်မှူးနဲ့ စခန်းမှူးနဲ့ ရောက်လာပြီးတော့မှ မြို့နယ် အုပ်ချူပ်ရေးမှူးရဲ့ ခွင့်ပြုချက်ပါမှ သူတို့ ခွင့်ပြုနိုင်မယ်ဆိုပြီးတော့ ကျွန်တော်တို့ကို မြို့နယ် အုပ်ချူပ်ရေးရုံးကို လွှတ်တယ်”

ဟန့်တား ဖမ်းဆီးခံရသူတွေမှာ ဦးတင်မောင်ကြည်၊ ကိုလှကြည်၊ ကိုစိုးမိုး၊ ကိုကျော်ဇင်လတ်၊ ကိုသန်းဝင်း (ခေါ် ) မှတ်ကြီး၊ ကိုအေးဝင်း၊ တရုတ်ကြီး၊ ကိုစိုးမြင့်ဦး၊ ဒေါ်ခင်အေး၊ ဒေါ်ချိုနဲ့ မခိုင်ဇာသင်းတို့ ပါဝင်ပြီး ကိုထင်ကျော်နဲ့အတူ အားလုံး မြို့နယ် အုပ်ချူပ်ရေးရုံးကို ဆက်သွားခဲ့ချိန်မှာ မြို့နယ်အုပ်ချူပ်ရေးမှူးနဲ့ တွေ့ခွင့်မရခဲ့သလို နောက်ဆုံး နေ့လယ် ၁၁ နာရီကျော်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုထင်ကျော်က ဆက်ပြောပါတယ်။

“မြို့နယ် အုပ်ချူပ်ရေးမှူးကလည်း မရှိဘူး။ မရှိတော့ သူတို့ကို ပြောပြခဲ့တယ်ပေါ့ဗျာ။ တာဝန်ရှိတဲ့လူက ဘယ်သူမှ တာဝန်မခံဘူးဗျ၊ အဲဒီမှာ ခုံပေါ်မှာ တာဝန်ခံနေတဲ့လူ ကျွန်တော် ဒီစာရွက်တွေဝေတဲ့ဟာကို ပြတဲ့အခါကျတော့ လက်မခံဘူး၊ သူတို့က အဲဒီ လျှောက်လွာလေးတစ်စောင် တင်ပါဆိုတော့ ကျွန်တော်တို့က ပါမစ်တော့ မတင်နိုင်ဘူး။ ကျွန်တော်တို့က ‘ပါမစ်ယူစရာ မလိုဘူး။ အခြေခံဥပဒေထဲမှာ အခန်း (၈) ပုဒ်မ ၃၅၄ က နိုင်ငံသားပိုင်ခွင့်အရ ကျွန်တော်တို့ လုပ်တာ။ လွတ်လပ်စွာ စည်းရုံးခွင့်တို့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တို့ ရေးပေးထားတာ အခု ဘာကြောင့် အခြေခံ ဥပဒေကို ခင်ဗျားတို့ ဖောက်ဖျက်နေသလဲ’ လို့ ကျွန်တော်မေးတော့ သူတို့ ဘာမှ မပြောလိုက်ဘူး။ သူတို့ ကျွန်တော့်ကို ဒီအတိုင်း ပြန်လွှတ်လိုက်ပါတယ်ခင်ဗျ”

တန်ဖိုးနည်း ဖုန်းကဒ်ရရှိရေးအတွက် ဒီလှုပ်ရှားမှုတွေကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့ကနေ ဦးဆောင်ပြီး အခုလ ၂၂ ရက်က စတင် လှုပ်ရှားနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org