တိုက်ပွဲတွေကြောင့် ဘုရားသုံးဆူ နယ်စပ်ဂိတ် ပိတ်ထားရ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ဘုရားသုံးဆူ ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို ပိတ်ထားရတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၂၉ ရက် ဒီနေ့ RFA ကိုပြောပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်က ဘုရားသုံးဆူ ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို ပိတ်ထားရတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၂၉ ရက် ဒီနေ့ RFA ကိုပြောပါတယ်။

ဘုရားသုံးဆူမြို့အနီးက စစ်ကောင်စီတပ်ရဲ့ ဘုရားတောင်စခန်းကို စက်တင်ဘာလ ၂၈ ရက် မနေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက်မှာပဲ နယ်စပ်ဂိတ်ကို ပိတ်လိုက်တာလို့ ဆိုပါတယ်။

အရင်ကလည်း တရားဝင် ဖွင့်ထားတာမရှိပေမယ့် နားလည်မှုနဲ့ ဖြတ်သန်းသွားလာခဲ့ကြပြီး လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ကူးသန်းသွားလာခွင့် လုံးဝမပေးတော့ဘဲ နှစ်နိုင်ငံ နယ်စပ်မှာလည်း နှစ်ဖက်လုံးက လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ ဘုရားသုံးဆူမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ နေရာက နယ်စပ်ဂိတ်အနီးမှာ ဖြစ်တဲ့အတွက် ဂိတ်တွေပိတ်လိုက်တာလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက RFA ကိုပြောပါတယ်။

"ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်ပဲလေ။ တိုက်ပွဲက ဂိတ်နားကပ်နေတော့ မပိတ်ဘဲ မနေပါဘူး။ အထူးသဖြင့် စခန်းသိမ်းတိုက်ပွဲတွေက များလာတယ်။ အရင်တုန်းကတော့ ကျနော်တို့ ဖြစ်ခဲပါတယ်။ ဒါပေမဲ့ အခုက စခန်းအကြီးတွေတော့ မဟုတ်တော့ဘူးပေါ့နော်။ ဒီလိုစခန်းမျိုးကျ ဆင့်ကဲဆင့်ကဲ ဖြစ်လာတာကို ကျနော်တို့ တွေ့ရတယ်"

မနေ့ကဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၁ လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သူကဆိုပါတယ်။

ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စစ်အာဏာ မသိမ်းခင် ကတည်းက ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားခဲ့ပြီး နှစ်ဖက်နားလည်မှုနဲ့ပဲ ကုန်စည်တွေ ပို့ဆောင်တာနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ထွက်သွားလာလေ့ရှိတဲ့ နယ်စပ်ဂိတ်တစ်ခု ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org