အိမ်ခြေ ၃၀၀ ခန့် ရေရှားပါးမှု ကြုံနေရ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေက စက်ယန္တရားတွေ အလွန်အကျွံသုံးပြီး ကျောက်စိမ်းတူးဖော်တာ၊ ကျောက်မိုင်းခွဲတာတွေကြောင့် ရေကြောတွေ ပြတ်တောက်ပြီး ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မြို့နယ်က ရေနည်းနေတဲ့ ရေတွင်းတစ်တွင်းကို တွေ့ရစဉ် Photo: Aung Thain Kha/RFA

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေက စက်ယန္တရားတွေ အလွန်အကျွံသုံးပြီး ကျောက်စိမ်းတူးဖော်တာ၊ ကျောက်မိုင်းခွဲတာတွေကြောင့် ရေကြောတွေ ပြတ်တောက်ပြီး ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မြို့နယ် ဝှေခါကျေးရွာ ခါးဂျန်ရပ်ကွက်အတွင်း အိမ်ခြေ ၃၀၀ ခန့် မှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ၂၀၁၅ ခုနှစ်က စတင်ကာ ရေရှားပါးလာပြီး အခုဆိုအခြေအနေ ပိုဆိုးလာတယ်လို့ ဒေသခံ ဒေါ်မာလာဆန်းက ပြောပါတယ်။

လက်ရှိမှာတော့ တခြားရပ်ကွက်တွေမှာရှိတဲ့ ရေတွင်းတွေကနေ ခပ်ယူပြီး သယ်ဆောင်အသုံးပြုနေရတယ်လို့ သိရပါတယ်။

ဒီလိုရေရှားတာနဲ့ ပတ်သက်ပြီး ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာမှာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေထံ တင်ပြထားပေမယ့် တစ်စုံတစ်ရာဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး ဦးဒါရှီလဆိုင်းကတော့ ရေရှားပါးတဲ့ ကိစ္စကို သက်ဆိုင်ရာကုမ္ပဏီတွေအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက မနက်ကား၂စီး၊ ညနေကား၂စီးနဲ့ ရပ်ကွက်တွေမှာ ရေပေးဝေဖို့ ကုမ္ပဏီတွေကို ညွှန်ကြားထားပေမယ့်လည်း ကုမ္ပဏီတွေက အတိအကျလိုက်နာတာမရှိဘူးလို့ ဒေသခံတွေ ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေကို RFA က ဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။

ဖားကန့်မြို့နယ်မှာ ခါးဂျန်ရပ်ကွက်တစ်ခုသာ ရေရှားပါးတဲ့ပြဿနာရင်ဆိုင်နေရတာမဟုတ်ပဲ အေးမြသာယာ၊ မရှီကထောင့်၊ မြို့မ၊ ဆန်းကြွယ်၊ မှော်တောင်၊ ဖားပြင်အစရှိတဲ့ရပ်ကွက်တွေ အသုံးပြုနေတဲ့ သောက်သုံးရေကန်တွေ ကို ကာကွယ်ပေးဖို့လည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org