ဖားကန့်-မိုးကောင်းလမ်း ပြန်လည် သွားလာခွင့်ရ
အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ရက်နေ့ ကစပြီး နှစ်ပတ်နီးပါးပိတ်ထားခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ၊ မိုးကောင်း-ဖားကန့်လမ်းကို ဒီကနေ့ ဇန်နဝါရီလ ၂၂ရက်နေ့ မနက်ပိုင်းမှာ ဖြတ်သန်းသွားလာ ခွင့်ပြုလိုက်ပြီလို့ သိရှိရပါတယ်။
-
2013-01-22 -
-
-
ဒီကနေ့ မနက်ပိုင်းကစပြီး မိုးကောင်းဘက်က ကားတွေတက်လာပြီး ဖားကန့်ဘက်ကလည်း ခရီးသည်တင်ကားတွေနဲ့ ကိုယ်ပိုင်းကားတွေ ဆင်းသွားကြပြီလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ၅နာရီလောက်မှာ လုံးခင်းရဲ့ အရှေ့မြောက်ဘက် ၇မိုင်ခန့်အကွာ နန့်စန်းသုံးကျေးရွာဘက်မှာ ပစ်ခတ်သံအချို့ ကြားရတာတွေရှိပေမယ့် လတ်တလော တည်ငြိမ်တဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ဖားကန့်ဖက်အခြေအနေ ပြန်တည်ငြိမ်လာတာကြောင့် လုံးခင်းနဲ့ မှော်စီစာကျေးရွာတွေမှာ ခိုလှုံနေကြတဲ့ မားဆား၊ ကုဋေမှော်၊ မဇွပ်ယန် စတဲ့ရွာတွေက ဒေသခံတစ်ချို့ဟာ သူတို့ရဲ့ ရွာတွေကို ပြန်နေထိုင်ကြတာလည်း ရှိနေပါတယ်။
ဒါပေမယ့် ကေအိုင်အေ တပ်ရင်း ၆အခြေစိုက်တဲ့ ကံစီးပတ်ဝန်းကျင်ရွာတွေက ဒေသခံပြည်သူအများစုကတော့ လုံးခင်းဖက်က ကယ်ဆယ်ရေးစခန်းတွေမှာ ဆက်လက်နေထိုင်နေဆဲဖြစ်ပါတယ်။
အဲဒီစခန်းတွေမှာ လက်ရှိ စစ်ပြေးရှောင်ဒုက္ခသည် အနည်းဆုံး နှစ်ထောင်လောက်ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။