ဖယ်ခုံနဲ့ ပင်လောင်းကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိ
ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်အစပ်က ရွာတွေမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိပါတယ်။
-
RFA Burmese
2023-04-25 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်အစပ်က ရွာတွေမှာ ဧပြီလ ၂၄ ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက် ကျဆုံးမှုရှိတယ်လို့ ကရင်နီသတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်ပေါ့နော်။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစ်ဦးကျဆုံးခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုရှိတယ်ဆိုပေမယ့် ကျနော်တို့ အရေအတွက်ဘာညာက အတည်ပြုဖို့ ခက်ပါသေးတယ်။ ပြီးရင်တော့ သတင်းထုတ်ပြန်ပေးမှာပါ”
ဧပြီလ ၂၁ ရက်နေ့မှာ ပင်လောင်းနဲ့ဖယ်ခုံအစပ်က မြောက်စလုံးရွာဘက်ကို ရှမ်းပြည် အခြေစိုက် စစ်ကောင်စီတပ် (စကခ-၂) လက်အောက်ခံတပ်တွေ စစ်ကြောင်း ထိုးလာခဲ့တာလို့ ဆိုပါတယ်။
ဧပြီလ ၂၄ ရက်နေ့မှာတော့ စစ်ကောင်စီတပ်သားတွေရှိတဲ့ နေရာကို KA နဲ့ KNDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာလို့ ကရင်နီစစ်ဘက်ရေးရာသတင်းစင်တာ KnIc က ဒီကနေ့မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိတယ်လို့လည်း ဖော်ပြထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဖယ်ခုံနဲ့မိုးဗြဲမြို့နယ်အတွင်းကို အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်ဘက်က စစ်အင်အားတွေထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေသလို ပင်းလောင်းမြို့နယ်အတွင်းက တောင်စလုံး၊ မြောက်စလုံးစတဲ့ ရွာတွေအနီးမှာလည်း ဖေဖော်ဝါရီ နောက်ဆုံး အပတ်ကစပြီး တိုက်ပွဲတွေစတင်ဖြစ်ခဲ့တာပါ။
စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နောက်ပိုင်းကစပြီး ရှမ်း-ကယား နယ်စပ်မှာ တိုက်ပွဲပေါင်း ၈၂ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရး မကြေညာခင်ကထက် တိုက်ပွဲသုံးဆကျော် တိုးလာခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ့ ISP Myanmar က အခုလ ၁၀ ရက် မှာထုတ်ပြန်ခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းကယားနယ်စပ်မှာ ဒုက္ခသည် ၂၆၀၀၀ ကျော်အထိ တိုးလာတယ်လို့လည်း ISP Myanmar ရဲ့ ထုတ်ပြန်ချက်မှာဖော် ပြထားပါတယ်။