ဖားကန့်မှာ ခရစ်ယာန်ဓမ္မဆရာသုံးဦးအပါအဝင် လူ သုံးဆယ်ကျော် ဖမ်းဆီးစစ်ဆေးခံရ
ဖားကန့်မြို့နယ် ကာမိုင်းမြို့နီးက နန့်စီအင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ခရစ်ယာန်ဓမ္မဆရာ သုံးဦး အပါအဝင် လူသုံးဆယ်ကျော်ကို ဖမ်းဆီးသွားတယ်။
-
RFA Burmese
2024-05-23 -
-
-
[Update: 7: 08 PM, May 23, 2024]
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီးက နန့်စီအင်ရွာကို မေလ ၂၃ ရက် ဒီနေ့မနက် ၃ နာရီလောက်က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ခရစ်ယာန်ဓမ္မဆရာ သုံးဦးအပါအဝင် လူ သုံးဆယ်ကျော်ကို ဖမ်းဆီးသွားပြီးနောက် နေ့လယ် ၁၂ နာရီခန့်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြန်လွတ်လာတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မနက် ၃ နာရီလောက်မှာ ကာမိုင်းဗျူမှာရှိတဲ့ စစ်ကောင်စီတပ် တပ်မ - ၃၃ နဲ့ ၇၇ က အင်အား တစ်ရာနီးပါး ပါတဲ့ စစ်ကြောင်းက အဲဒီရွာကို ဝင်ရောက်စီးနင်းပြီး လူလတ်ပိုင်း အမျိုးသားတွေကို ရွေးချယ်ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက် ၃ နာရီလောက်မှာ ဝင်စစ်ပြီးတော့ လူလတ်ပိုင်း အမျိုးသားတွေကို ဖမ်းသွားတာ။ ရွာမှာချန်ထားတာ ကလေးတွေနဲ့ အမျိုးသမီးတွေ၊ အသက်ကြီးတဲ့သူတွေကိုပဲ ထား ထားတယ်။ ဘာသာရေးဆရာလည်း သုံးယောက် ပါတယ်”
ပြန်လွတ်လာသူတွေအထဲက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ သူတို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF တွေနဲ့ ပတ်သက်မှု ရှိ၊ မရှိနဲ့ အဲဒီအဖွဲ့တွေ ရွာထဲလာရင် အကြောင်းကြားဖို့၊ အကြောင်းမကြားရင် ရွာကို လက်နက်ကြီးပစ်မယ်လို့ ခြိမ်းခြောက်ပြီး ပြန်လွှတ်လိုက်တာလို့ RFA ကို ပြောပါတယ်။
”ဖမ်းတာက တစ်ရွာလုံးကို ဖမ်းတာ။ အားလုံးဖမ်းတာ နှစ်ရာကျော်လောက်ရှိမယ်။ အားလုံးကို စာသင်ကျောင်းမှာ စုထားတာ။ အဲကမှ ၅ နာရီကျော်လောက်မှာ အမျိုးသားတွေကို ကာမိုင်းဘက် ခေါ်သွားတာ။ ကာမိုင်းနဲ့ နန့်စီအင်က ၃ မိုင်ကွာတယ်။ ကာမိုင်းကို လမ်းလျှောက်ခေါ်သွားတာ။ KIA/PDF တွေရှိတာ သိရင် သူတို့ကို အကြောင်းကြားဖို့၊ နောက် သူတို့ တိုက်ခံရရင် မင်းတို့ရွာကို လက်နက်ကြီးပစ်မယ် အဲဒါကို ပြောကြပေါ့။ အဲလိုပြောပြီး ပြန်လွှတ်တာ။ အဓိကတော့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုလုပ်တာပေါ့ ကြောက်သွားအောင်”
ကာမိုင်းကို ခေါ်သွားတဲ့အထဲမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ် ငါးဦးလည်း ပါတာဖြစ်ပြီး သူတို့ကိုတော့ သီးသန့် စစ်ဆေးပြီး သေနတ်တွေနဲ့ ရိုက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က နန့်ယား၊ နန့်တိန်၊ ဝှေခါ၊ တာမခန် စတဲ့နေရာတွေက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူထားပြီး လက်ရှိမှာလည်း ဖားကန့်မြို့နယ် ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုလည်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရာက လွတ်ငြိမ်းသက်သာခွင့်နဲ့ ဧပြီ ၁၇ ရက်က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့ပြီး အခုအချိန် တစ်လကျော်ကြာလာတဲ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
(မှတ်ချက် - ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူတစ်ဦး၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)