ဖားကန့်မှာ မြေစာပုံပြိုကျပြီး လူ ၃ဝ ခန့် ပျောက်ဆုံးနေ
စွန့်ပစ်မြေစာပုံအောက်က ရေစီးကြောင်းပေါက်ထွက်ပြီး ရေစီးပြင်းခဲ့တာကြောင့် အဲဒီနားမှာ ကျောက်ရှာနေတဲ့ လက်ကျင်းတူးသမားတွေ ရေထဲပါသွားပြီး ပျောက်ဆုံးနေတာလို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံက RFA ကိုပြောပါတယ်။
-
RFA Burmese
2023-08-13 -
-
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မနရွာမှာရှိတဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြိုကျပြီး လူအယောက် ၃ဝ လောက်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စွန့်ပစ်မြေစာပုံအောက်က ရေစီးကြောင်းပေါက်ထွက်ပြီး ရေစီးပြင်းခဲ့တာကြောင့် အဲဒီနားမှာ ကျောက်ရှာနေတဲ့ လက်ကျင်းတူးသမားတွေ ရေထဲပါသွားပြီး ပျောက်ဆုံးနေတာလို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံက RFA ကိုပြောပါတယ်။
"အဲဒီနားမှာ အလုပ်လုပ်နေတဲ့တာ လေးငါးဖွဲ့ရှိတယ်။ ဘယ်နှယောက်သေလည်း မသိသေးဘူး၊ ရေလှိုင်းက လူနှစ်ရပ်သုံးရပ်လောက် ရှိတယ်၊ ကြောက်စရာကြီး၊ တော်တော်ကို ကြီးတယ်။ တစ်ခါမှဒီလို မဖြစ်ဖူးဘူး"
ဒီကနေ့ညပိုင်းအထိ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲပဲလို့ သူကပြောပါတယ်။
ဖားကန့်က နောက်ထပ်ဒေသခံ တစ်ဦးကတော့ ဒီရက်ပိုင်းမိုးရွာနေတာကြောင့် မြေစာပုံပြိုကျတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"ဒီနေ့တော့ မိုးနည်းနည်းပဲရွာတယ်။ ပြီးခဲ့တဲ့ရက်တွေက မိုးရွာနေတာ၊ အဲဒါကြောင့် မြေစာပုံပြိုကျတာ ဖြစ်နိုင်တယ်"
ရေထဲမပါသွားဘဲ ပြန်ရှာတွေ့တဲ့သူတွေ ဒဏ်ရာရသူတွေကိုတော့ ဖားကန့်ဆေးရုံကို ပို့ထားတယ်လို့ ဆိုပါတယ်။
ဖားကန့်မှာ မြေစာပုံပြိုကျပြီး လူတွေ အစုလိုက်အပြုံလိုက် မကြာခဏသေဆုံးနေရပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်က ဖြစ်ခဲ့တဲ့ ဝှေခါမှော် ကျောက်စိမ်းလုပ်ကွက် ပြိုကျတာဟာ အဆိုးဆုံးဖြစ်ပြီး လူပေါင်း ၁၉၀ ကျော်သေဆုံးခဲ့ရပါတယ်။
ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်အရေးအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအရပ်ရပ်က လူပေါင်းလေးသိန်းနီးပါးဟာ ဖားကန့်ဒေသမှာ ရေမဆေးကျောက် ရှာဖွေနေကြပြီး ဘေးကင်းလုံခြုံမှုမရှိတဲ့ အခြေအနေမှာ အလုပ်လုပ်ကိုင်နေကြရတယ်လို့ ပြောထားပါတယ်။