Pepsi အချိုရည်ကုမ္ပဏီကို ထပ်တိုးတရားစွဲဖို့ မှော်ဘီခရိုင်တရားရုံး အမိန့်ချ

လက်ရှိတရားစွဲခံထားရတဲ့ Pepsi အချိုရည်စက်ရုံရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ HR မန်နေဂျာတို့က ကုမ္ပဏီကိုပါ တရားစွဲဖို့ လျှောက်လဲတာကြောင့် အခုလို အမိန့်ချခဲ့တာလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်ထုတ်လုပ်သည့် စက်ရုံအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: Myanmar Labour News

စက်ရုံဝန်ထမ်းတစ်ဦး အလုပ်ထုတ်ခံရမှုနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က Pepsi အချိုရည်ထုတ်လုပ်တဲ့ Lotte MGS Beverage (Myanmar) ကုမ္ပဏီကို တရားစွဲဖို့ ဧပြီလ ၄ ရက်နေ့မှာ မှော်ဘီခရိုင်တရားရုံးက အမိန့်ချလိုက်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိတရားစွဲခံထားရတဲ့ Pepsi အချိုရည်စက်ရုံရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ လူသားအရင်းအမြစ် (HR) မန်နေဂျာတို့က ကုမ္ပဏီကိုပါ တရားစွဲဖို့ လျှောက်လဲတာကြောင့် အခုလို အမိန့်ချခဲ့တာလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက အဲဒီကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ လျှပ်စစ်မန်နေဂျာ ဦးသောင်းဟန်ဟာ အဆင့်ဆင့်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် ပြေလည်မှုမရတာကြောင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ချိုးဖောက်မှုနဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာ စတင်တရားစွဲဆိုခဲ့တဲ့ အမှုဖြစ်ပါတယ်။

လုပ်သက်နှစ် ၂၀ ခန့်ရှိလာပြီးမှ အလုပ်ထုတ်ခံရတဲ့ ဦးသောင်းဟန်က အကူအညီလာတောင်းတာကြောင့် ဒီအမှုကို ကူညီပေးနေတာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"Pepsi အချိုရည် စက်ရုံက CEO နဲ့ HR မန်နေဂျာကို EC စာချုပ် ချိုးဖောက်မှုနဲ့ တရားမနစ်နာကြေး သိန်းတစ်ရာကျော်ရလိုကြောင်း တရားစွဲဆိုခဲ့တာပါ၊ အဆင့်ဆင့်တရားစွဲဆိုရင်း တရားရုံးကနေ သူတို့အပြင် ကုမ္ပဏီကိုပါ တရားစွဲဖို့ အမိန့်ချလိုက်တယ်။ ဒီအမှုက ရုံးချိန်းပေါင်း ၂၂ ချိန်းတောင်ရှိနေပါပြီ”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ Lotte MGS Beverage (Myanmar) ကုမ္ပဏီက တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အမှုနဲ့ပတ်သက်လို့ လာမယ့်ရုံးချိန်းကိုတော့ ဧပြီလ ၂၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုရီးယားနဲ့ မြန်မာဖက်စပ်ပိုင်တဲ့ LOTTE – MGS BEVERAGE (MYANMAR) COMPANY LIMITED စက်ရုံမှာ Pepsi, Marina, 7 up, Sting Red, Sting Gold တံဆိပ်နဲ့ အချိုရည်တွေထုတ်လုပ်ပြီး အမေရိကန်ပြည်ထောင်စုကို တင်ပို့နေတဲ့ စက်ရုံဖြစ်တယ်လို့ အဲဒီစက်ရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org