ဖမ်းဆီးအရေးယူမှု ရပ်တန့်ရေးတောင်းဆိုသူ သတင်းထောက် အမှုဖွင့်ခံရ
2015.05.16

သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ်မှုရပ်တန့်ဖို့နဲ့ ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့ သတင်းထောက်တွေထဲက မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ဝင် မရွှေမှုန်ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။
ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ဒီနေ့သွားရောက်စစ်ဆေးခံခဲ့တဲ့ မရွှေမှုန်က ဆုတောင်းပွဲ ကျင်းပရတဲ့ အကြောင်း ရှင်းပြခဲ့ပြီး ခံဝန်လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောပါတယ်။
"နိုင်ငံတကာ သတင်းသမားတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာတွေ အဆုံးသတ်ရေးနေ့ နိုဝင်ဘာလ ၂ ရက်နေ့ တရားစွဲတာက ပုဒ်မ ၁၉ နဲ့ အရေးယူတာ၊ ၁ဝ ရက်နေ့မှ အမှုဖွင့်တာတဲ့၊ အခုမှပဲ တရားစွဲဆိုဖို့အတွက်ကို ၆ လကြာမှ ပို့တယ်ဆိုတဲ့အကြောင်းကို သူတို့ကရှင်းပြတယ်၊ အမှုနဲ့ပတ်သက်ပြီးတော့ ကိုယ်ပိုင်ခံဝန်ပေါ့နော် အဲ့ဒါတော့လုပ်ခဲ့ရတယ်၊ စစ်ဆေးချက်ယူတဲ့အခါကျတော့ ဆုတောင်းပွဲလုပ်ရတဲ့ အကြောင်းရင်းပေါ့နော်၊ သတင်းသမားတွေ ဖမ်းဆီးခံရတဲ့လူတွေအတွက်ကို ဆုတောင်းပွဲအနေနဲ့ ဘုရားမှာပဲဆုတောင်းခဲ့တယ်ဆိုတဲ့ အကြောင်းကိုတော့ပြောခဲ့တယ်"
နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းသမားတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာတွေ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းမီဒီယာသမားတွေကို အရေးယူဖမ်းဆီးနေတာတွေ ရပ်တန့်ရေးအတွက် မရွှေမှုန်အပါအဝင် သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ ၁ဝဝ လောက်ဟာ ဆူးလေဘုရားမှာ ဆုတောင်းပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
ဆူးလေဘုရားဟာ ခွင့်ပြုချက်ပေးမထားတဲ့ နေရာဖြစ်တဲ့အတွက် ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။