ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာအနီး ရောက်ရှိ
မြင်းခြံမြို့ကနေ တရုတ်-မြန်မာ နယ်စပ်နားက လိုင်ဇာမြို့အထိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ လိုင်ဇာနဲ့ ၁၉မိုင်ကွာဝေးတဲ့ ဒေါ့ဖုန်းယန် ကို ရောက်ရှိနေပြီး အဲဒီအရောက်မှာ ဒေါ့ဖုန်းယန် အုပ်ချုပ်ရေးမှူးက နယ်မြေတွင်း မြေမြှုပ်မိုင်းတွေရှိလို့ ခေါ်ယူသတိပေးခဲ့ကြောင်း လမ်းလျှောက်သူတွေက RFA ကို ပြောပါတယ်။
-
2013-03-08 -
-
-
မြင်းခြံမြို့ကနေ တရုတ်-မြန်မာနယ်စပ်နားက လိုင်ဇာမြို့အထိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ လိုင်ဇာနဲ့ ၁၉မိုင်ကွာဝေးတဲ့ ဒေါ့ဖုန်းယန်ကို ရောက်ရှိနေပြီး အဲဒီအရောက်မှာ ဒေါ့ဖုန်းယန်အုပ်ချုပ်ရေးမှူးက နယ်မြေတွင်း မြေမြှုပ်မိုင်းတွေရှိတယ်လို့ ခေါ်ယူ သတိပေးခဲ့ကြောင်း လမ်းလျှောက်သူတွေက RFA ကို ပြောပါတယ်။
အဲဒီလို ခေါ်ယူသတိပေးခံရပေမယ့် မိမိတို့အနေနဲ့ လိုင်ဇာရောက်တဲ့အထိ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ကြောင်း အဲဒီအဖွဲ့မှာပါဝင်တဲ့ ကိုသန့်ဇင်က RFA ကို ပြောပါတယ်။
“ကျနော်တို့ကို မသွားဖြစ်အောင်လို့ ငြိမ်းချမ်းရေးဆောင်ရွက်မှုကို စိတ်ပိုင်းဆိုင်ရာအရ ဟန့်တားတာတို့ကို ကျနော်တို့က လှည့်ထွက်မှာမဟုတ်ပါဘူး၊ ရောက်အောင်ပဲသွားမှာပဲ၊ ကျနော်တို့က တောထဲသွားမှာလည်း မဟုတ်ဘူး၊ ပုံမှန်ကားတွေသွားနေတဲ့ လမ်းကြောင်းကနေ သွားမှာဖြစ်တယ်၊ ရှင်းပေးဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ ကျနော်မြင်တယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်ကလည်း ကျနော်တို့ကို စောင့်ရှောက်လိမ့်မယ်လို့ ယုံကြည်တယ်၊ နောက်အစိုးရတပ်ဘက်ကလည်း ကျနော်တို့ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူးလို့ ကျနော်ကယုံကြည်တယ်ဗျ”
မြင်းခြံလမ်းလျှောက်အဖွဲ့ဟာ မနက်ဖြန် ညနေပိုင်းမှာ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ရက်ကစပြီး ရန်ကုန်မြို့ကနေ စတင်ထွက်ခွာခဲ့တဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက လမ်းလျှောက်နေတဲ့အဖွဲ့ဟာ ဒီကနေ့မှာ မိုးကောင်းမြို့နယ် နမ္မတီးဒေသစိတ် မရမ်းကျေးရွာကို ရောက်ရှိနေပါတယ်။ အဲဒီအဖွဲ့ထဲက ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတင်ထားရတဲ့ သံဃာတော်တစ်ပါးနဲ့ လူငါးဦးဟာ အခုဆိုရင်သက်သာနေပြီလို့ ပြောပါတယ်။ အဲဒီအဖွဲ့ဟာ မကြာခင်မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိမှာဖြစ်ပြီး မြစ်ကြီးနား မြို့ခံတွေကလည်း သူတို့ကိုကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။