ငြိမ်းချမ်းရေးစကားဝိုင်း မော်လမြိုင်မှာ ကျင်းပမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မွန်ပြည်နယ်မှာရှိတဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို မော်လမြိုင် တက္ကသိုလ်မှာ ကျင်းပသွားမယ်လို့ မွန်ပြည်နယ်ဝန်ကြီး ဦးထွန်းဌေး က ဒီနေ့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာကျင်းပခဲ့စဉ် Photo: Myanmar State Counsellor Office Facebook

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မွန်ပြည်နယ်မှာရှိတဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေး စကားဝိုင်းကို မော်လမြိုင် တက္ကသိုလ်မှာ ကျင်းပသွားမယ်လို့ မွန်ပြည်နယ်ဝန်ကြီး ဦးထွန်းဌေး က ဒီနေ့ ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ပိုင်းမှာ ကျင်းပဖို့ လျာထားပြီး နေ့ရက်အတိအကျကို မသတ်မှတ် ရသေးဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က ပြောပါတယ်။

"၂၅ ရက်နေ့ နောက်ပိုင်း ဘယ်ရက်လည်းတော့ မသိဘူးပေါ့နော်၊ အကြမ်းဖျဉ်းလောက်ပဲ ကျနော်တို့သိတယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့ လူငယ်တွေပါမှာပေါ့၊ မွန်ပြည်နယ်မှာရှိတဲ့ လူမျိုးတွေအားလုံးကို စုဖွဲ့ခေါ်ယူပြီး ကျနော်တို့ ဒါလေးကို ဆွေးနွေးကြမယ် စကားဝိုင်းပုံစံလေးပေါ့နော်၊ အဲဒါမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ပါတာပေါ့လေ"

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မွန်ပြည်နယ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး လာရောက်တာဖြစ်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းအပြင် ချောင်းဆုံမြို့နယ်မှာရှိတဲ့ ရွာလွတ်ကျေးရွာက လက်မှုလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံတိုင်းရင်းသား လူငယ် ၈ ဦးနဲ့ လူငယ်ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်က  ဒီနေ့ သံဖြူဇရပ်မြို့နယ်မှာ မွန်ပြည်သစ်ပါတီ အပစ်ရပ်လက်မှတ် ရေးထိုးတာကို ထောက်ခံပွဲ ကျင်းပခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org