ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ကျင်းပမည်
ငြိမ်းချမ်းရေးလိုလားသူတွေ စုပေါင်းပြီး လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ လူထုလှုပ်ရှားမှုတစ်ခုအနေနဲ့ ချီတက်တောင်းဆိုပွဲပြုလုပ် မယ်လို့ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဖြစ်မြောက်ရေး ကော် မတီဝင် မအိအိမိုးက ပြောပါတယ်။
-
2017-01-28 -
-
-
ငြိမ်းချမ်းရေးလိုလားသူတွေ စုပေါင်းပြီး လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ လူထုလှုပ်ရှားမှုတစ်ခုအနေနဲ့ ချီတက်တောင်းဆိုပွဲပြုလုပ်မယ်လို့ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဖြစ်မြောက်ရေး ကော်မတီဝင် မအိအိမိုး က ပြောပါတယ်။
ပြည်တွင်းစစ်ရပ်တန့်ရေးနဲ့ တစ်နိုင်ငံလုံးမှာ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေး စတင်ဖို့ဆိုတဲ့ အချက်တွေကို လူထုလှုပ်ရှားမှုမှာ တောင်းဆိုသွားမယ်လို့ မအိအိမိုးက ပြောပါတယ်။
"ကျမတို့က ဒီပွဲကို အဓိက တောင်းဆိုချက် ၄ ခုနဲ့ ကျမတို့ စီစဉ်တယ်။ လှုပ်ရှားတယ်။ အဲဒီတောင်းဆိုချက် ၄ ခုကတော့ နံပါတ် တစ်က ပြည်တွင်းစစ်ပွဲတွေ အားလုံးရပ်တန့်ရေး၊ နံပါတ်နှစ်က စစ်ဘေးသင့်ပြည်သူတွေ ကို ကူညီထောက်ပံ့ခွင့်ရရှိရေး၊ နံပါတ် သုံးက စစ်အသုံးစားရိတ် လျှော့ချရေး၊ နံပါတ် လေးကကျတော့ တပ်မတော်ကနေ စတင်ပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို စတင်ကြေညာပေးဖို့ ဆိုတဲ့ တောင်းဆိုချက် လေးခုနဲ့ ကျမတို့ လှုပ်ရှားမှာ ဖြစ်ပါတယ်"
အဲဒီ လှုပ်ရှားမှုမှာ သာမာန်အခြေခံပြည်သူတွေ ပါဝင်နိုင်ဖို့အတွက် ရပ်ကွက်တွေအတွင်းမှာ လှုံ့ဆော်မှုတွေ ပြုလုပ် သွားမယ်လို့လည်း ပြောပါတယ်။
ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည် ၁ နာရီမှာ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်း နဲ့ မြေနီကုန်း ဂုံးကျော်တံတားအောက်ကနေ အုပ်စု နှစ်ခုခွဲကာ စတင်ချီတက်မှာဖြစ်ပြီး ညနေ ၄ နာရီမှာတော့ မဟာဗန္ဓုလပန်းခြံမှာ ပူးပေါင်းမှာဖြစ်ပါတယ်။
အဲဒီနောက် ငြိမ်းချမ်းရေးကြေညာချက် ထုတ်ပြန်တာ၊ ဟောပြောတာ၊ ငြိမ်းချမ်းရေးဆိုင်ရာ သရုပ်ဖော် ပြကွက်တွေ နဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲကိုလည်း ပြုလုပ်မယ်လို့ သိရပါတယ်။
အဲဒီ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင်တွေ၊ အမျိုးသမီးအခွင့် အရေး လှုပ်ရှားသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ၊ အခြားအရပ်ဘက်အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်ကြမှာဖြစ်ပါတယ်။