ငြိမ်းချမ်းရေးကော်မရှင်နဲ့ KNPP သီးသန့်ဆွေးနွေးမည်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဒီမတ်လဆန်းမှာ သီးသန့်တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
-
2018-03-01 -
-
-
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP ဟာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဒီမတ်လဆန်းမှာ သီးသန့်တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
NCA စာချုပ်မှာပါတဲ့ အချက်အလက်တွေနဲ့ အရင်က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့ ကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ KNPP အတွင်းရေးမှူး (၂) ဒယ်နီယာက ပြောပါတယ်။
"ကျနော်တို့ အရင်က ဆွေးနွေးထားတာတော့ အရင်ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့်တွေမှာ သဘောတူညီ ချက်တွေ အဲဒီထဲကနေ အကောင်အထည်ဖော်ဖို့ အချက်အလက်တွေက အများကြီးကျန်သေးတယ်၊ အဲဒါတွေ လည်း အလေးထားပြီးတော့မှ ဆွေးနွေးမယ်။ အမှုကိစ္စတွေ ဆွေးနွေးမယ် သူတို့ ဘယ်လိုအပြစ်ပေးအရေးယူ မလဲ။ သူတို့ ဘယ်လို ဆောင်ရွက်မလဲ စသဖြင့် အဲဒါတွေကို ဆွေးနွေးမှာပါ"
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ပြောခွင့်ရ ဦးအောင်စိုးက KNPP နဲ့ တွေ့ဆုံမယ့်ကိစ္စကို အတည်ပြုပေမယ့် တွေ့ဆုံမယ့် ရက်အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ လာမယ့် မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရန်ကုန်မြို့ NRPC မှာ တွေ့ဆုံမယ်လို့တော့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့၊ ပါးလောင်းကျေးရွာနဲ့ ဒေါတခြား ကျေးရွာ ကြားမှာရှိတဲ့ KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး KNPP က တပ်ဖွဲ့ဝင်တွေ သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိရောက်စွာအရေးယူပေးဖို့ကိစ္စလည်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံစဉ်မှာ ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဒယ်နီယာက ပြောပါတယ်။
NCA မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ လတ်မှတ်ထိုးသွားဖို့ ရှိ မရှိဆိုတဲ့ ကိစ္စဟာ ဒီတွေ့ဆုံပွဲမှာ အဖြေထွက်လာနိုင်တယ်လို့ ဒယ်နီယာက ပြောပါတယ်။
အခုလိုတွေ့ဆုံမှုဟာ UNFC အဖွဲ့ဝင် အနေနဲ့ တွေ့ဆုံတာ မဟုတ်ဘဲ KNPP အနေနဲ့သာ သီးသန့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် မေလဆန်းမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို KNPP အဖွဲ့ တက်ရောက်နိုင်မလားဆိုတာ အခုမတ်လဆန်းမှာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲရလဒ်တွေပေါ်မှာ မူတည်တယ်လို့လည်း ဒယ်နီရယ် က ပြောပါတယ်။