မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာကို မှော်ဘီမြို့နယ် PDF အဖွဲ့က သတိပေးစာ ထုတ်ပြန်
မှော်ဘီတော်လှန်ရေးအင်အားစုအနေနဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအနေနဲ့ ပြည်သူကို အနိုင်ကျင့် စော်ကားတာတွေ အကြပ်ကိုင်ခြိမ်းခြောက်တာတွေ များစွာကျူးလွန်ထားတာကို ဘယ်အချိန်မဆို တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
-
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023-04-27 -
-
-
အငြိမ်းစား ဆရာ၊ ဆရာမတွေရဲ့ ပင်စင်လစာ ထုတ်ယူဖို့ အခက်အခဲဖြစ်အောင် လုပ်ဆောင်နေတဲ့ မှော်ဘီမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဗိုလ်ကျော်ထွန်း အငြိမ်းစားကို မှော်ဘီမြို့နယ်တော်လှန်ရေး အင်အားစု Hmawbi Revolution Force က သတိပေးလိုက်တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က ကျန်းမာရေးမကောင်းတဲ့ အငြိမ်းစားဆရာ၊ ဆရာမတွေရဲ့ပင်စင်လစာ ထုတ်ယူတဲ့နေရာမှာ အငြိမ်းစား ဗိုလ်ကျော်ထွန်းဟာ ပိုက်ဆံမထုတ်ပေးခြင်း လူကိုယ်တိုင် လာမထုတ်ရင် မထုတ်ပေးနိုင်ဘူး ဆိုတာမျိုးတွေ ပြောဆိုတဲ့အကြောင်း တိုင်ကြားမှုတွေ ရှိတာကြောင့် ဧပြီလ ၂၇ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်လိုက်တာလို့ ပြောပါတယ်။
“သတိပေးချက်အပေါ် မိမိတို့အနေနဲ့ စောင့်ကြည့်နေမှာဖြစ်ပြီး လိုက်နာမှုမရှိပါက သူနဲ့ သူမိသားစုအပေါ် အရေးယူမှာဖြစ်ပါတယ်။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် သူ့လုပ်ရပ်နဲ့ထိုက်တန်တာမျိုးလာမှာပါ။”
မှော်ဘီတော်လှန်ရေးအင်အားစုအနေနဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအနေနဲ့ ပြည်သူကို အနိုင်ကျင့် စော်ကားတာတွေ အကြပ်ကိုင်ခြိမ်းခြောက်တာတွေ များစွာကျူးလွန်ထားတာကို ဘယ်အချိန်မဆို တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ယုံကြည်စွာ အားပေးထောက်ခံတဲ့အတွက် တာဝန်တွေကို အသက်ပေး ထမ်းဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ကတိပေးပြောသွားပါတယ်။
အငြိမ်းစား ဗိုလ်ကျော်ထွန်းအနေနဲ့ အခုလိုကျူးလွန်မှု ရှိ မရှိကို သိရှိနိုင်ဖို့ မှော်ဘီမြို့နယ်က အငြိမ်းစား ဆရာ၊ ဆရာမအချို့ ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေးမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
ဒီအကြောင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးဌေးအောင်ကို RFA က ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးစိုင်းကျော်သူကို For the Yangon မြို့ပြတော်လှန်ရေးအဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
မှော်ဘီတော်လှန်ရေး အင်အားစု Hmawbi Revolution Force အဖွဲ့ကို ၂၀၂၁ ခုနှစ် ဩဂုတ်လက Hmaw Bi youth Army နဲ့စတင် တည်ထောင်ခဲ့ပြီး စစ်အာဏာရှင် တော်လှန်ရေး အင်အားစုတစ်ရပ် အနေနဲ့ မှော်ဘီ မြို့နယ်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။