မန္တလေးမှာ မြို့ပြပြောက်ကျား အဖွဲ့ဝင်လေးဦးကို အသေဖမ်းမိကြောင်း စစ်ကောင်စီပြော
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက် ၁၉ လမ်းမှာ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Generation Z Power (GZP) အဖွဲ့ဝင်လေးဦးကို အသေဖမ်းမိတယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းစာကနေ မနေ့က ဖော်ပြထားပါတယ်။
- 2022-11-23
-
-
-
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက် ၁၉ လမ်းမှာ မြို့ပြပြောက်ကျားအဖွဲ့ တစ်ခုဖြစ်တဲ့ Generation Z Power (GZP) အဖွဲ့ဝင်လေးဦးနဲ့ စစ်ကောင်စီတပ်သားတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး လေးဦးစလုံးကို အသေဖမ်းမိတယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းစာကနေ နိုဝင်ဘာလ ၂၂ ရက်နေ့ မနေ့က ဖော်ပြထားပါတယ်။
အဲဒီပစ်ခတ်မှုဟာ နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းမှာဖြစ်ခဲ့ပြီး GZP အဖွဲ့ရဲ့ ဒုခေါင်းဆောင် ကိုသက်နိုင်ထွန်း၊ ဘဏ္ဍာရေးတာဝန်ခံ ကိုမိုးကိုနဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာနဲ့ ကိုကျော်စွာလင်းတို့ အသေဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။
မန္တလေးမြို့ခံတစ်ဦးကတော့ အပြန်လှန်ပစ်ခတ်မှုမှာ တစ်ဦးသာသေဆုံးပြီး သုံးဦးကို အသက်ရှင်လျက် ဖမ်းမိသွားတာလို့ RFA ကို ပြောပါတယ်။
“ကျနော်တို့သိတာက တစ်ဦးပဲသေသွားတာ။ အဲဒီမှာ သုံးယောက်အရှင်ဖမ်းမိတာ။ နောက်ပိုင်း စစ်အုပ်စုဘက်က ထုတ်ပြန်ချက်တွေ ထွက်လာတော့ လေးယောက် စလုံးကျသွားပြီဆိုတော့ သူတို့လက်ထဲရောက်ပြီးမှ သတ်ပစ်လိုက်တာ ဖြစ်ဖို့များတယ်”
သုံးဦးကို အရှင်ဖမ်းသွားတယ်ဆိုတာနဲ့ သူတို့သုံးဦးစလုံးဟာ ဖမ်းဆီးခံရပြီးမှ အသတ်ခံ ရတာ ဟုတ်၊ မဟုတ်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးရသူ ၂,၅၃၀ ဦးအထိ ရှိလာနေတယ်လို့ ဖော်ပြထားပါတယ်။