စစ်ကိုင်းမြို့နယ်မှာ ငါးရက်အတွင်း PDF နဲ့ အရပ်သား ၃၆ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းမြို့နယ်မှာ ငါးရက်အတွင်း PDF တပ်ဖွဲ့ဝင်နဲ့ အရပ်သား စုစုပေါင်း ၃၆ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စီးနင်းခဲ့သည့် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာ PDF စခန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ရာမှာ ဇွန်လ ၂၅ ရက်နေ့က ဇွန်လ ၂၉ ရက်နေ့ထိ ငါးရက်အတွင်း ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်နဲ့ အရပ်သား စုစုပေါင်း ၃၆ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်ထဲ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက ငါးရက်အတွင်း PDF တပ်ဖွဲ့ဝင် ၃၁ ဦးနဲ့ အရပ်သား ငါးဦးကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ ၂၉ ရက် မနက်အစောပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာကို အင်အား ၅၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ဒေသခံနှစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကိုးနှစ်ဆယ်နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ အသက် ၅၀ ပတ်ချာလည် အမျိုးသမီး တစ်ယောက် သေတယ်။ သေဆုံးသူ နှစ်ယောက်လုံးက စစ်ဘေးရှောင်တွေ။ ပဒူကျေးရွာက ဒီမှာလာရှောင်ကြတာ"

နောက်ထပ် ဒေသခံ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေ များတာကြောင့် နာမည်နဲ့ အသက်အရွယ် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဇွန်လ ၂၈ ရက် မနက်ကလည်း စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာနားမှာ ကင်းပုန်းဝပ်နေတဲ့ အဲဒီစစ်ကြောင်းကပဲ ထိပ်တိုက်တွေ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦးကို သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

မနေ့က ထိပ်တိုက်တိုက်ပွဲဖြစ်ရာမှာ တပ်ဖွဲ့ဝင် ၁၄ ဦးလုံး ကျဆုံးပြီး စနိုက်ပါတစ်လက်နဲ့ ပစ္စတိုတစ်လက် အပါအဝင် စုစုပေါင်း သေနတ် ၁၂ လက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၅ ရက်နေ့ မနက်ကလည်း အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧရာဝတီမြစ်ကမ်းဘေး၊ ကင်းတော်ရွာ အရှေ့ဘက်မှာရှိတဲ့ ယာယီ PDF စခန်းကို စီးနင်းခဲ့ပြီး တပ်ဖွဲ့ဝင် ၁၇ ဦး သတ်ဖြတ်သွားတယ်လို့ စစ်ကိုင်းမြို့နယ် PDF တပ်ဖွဲ့ ဒုတိယခေါင်းဆောင်က RFA ကို ပြောပါတယ်။

အဲဒီနောက် အနီးကရွာတွေကို ဆက်လက်ဝင်ရောက်စီးနင်းခဲ့ပြီး ကင်းတော်ရွာက အသက် ၃၇ နှစ်အရွယ် ကိုမြင့်ကျော်သူနဲ့ အသက် ၅၀ အရွယ် ဦးမောင်စန်း၊ မြင်းဆည်ရွာက အသက် ၆၉ နှစ်အရွယ် ဦးပေါက်စတို့ သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာတော့ အင်အားတစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး စမွန်းရွာအနီးကရွာတွေကို ဝင်ရောက်စီးနင်းနေတာကြောင့် စမွန်းရွာအပါအဝင် နီးစပ်ရာရွာ ခြောက်ရွာက ဒေသခံ လေးထောင်ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကိုင်းမြို့နယ်ထဲက PDF တွေသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ကင်းတော်ရွာ တိုက်ခိုက်မှုဖြစ်စဉ်နဲ့ စဉ့်ကိုင်ရွာ တိုက်ခိုက်မှုဖြစ်စဉ်တို့မှာ PDF အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီပိုင်သတင်းစာတွေ ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ သေဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင် အရေအတွက်ကိုတော့ အတိအကျ ဖော်ပြထားတာ မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၂၀၂၃ ခုနှစ်၊ မေလအတွင်းမှာတင် အမှတ် (၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ PDF တပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံးခဲ့ကြောင်း ဇွန်လအစောပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org