ဘုရားသုံးဆူရဲစခန်း တိုက်ခိုက်ခံရ

ဘုရားသုံးဆူမြို့ပေါ်မှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ခဲ့ပြီး ဘုရားသုံးဆူရဲစခန်း မီးရှို့ခံခဲ့ရပါတယ်။

ဘုရားသုံးဆူရဲစခန်း မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်မှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ခဲ့ပြီး ဘုရားသုံးဆူရဲစခန်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၆ နာရီဝန်းကျင်မှာ ဘုရားသုံးဆူရဲစခန်းကို အမည်မသိအဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကို ပြောပါတယ်။

"မြို့ပေါ်မှာ မီးခိုးတော့ မြင်ရတာပေါ့။ ဒါပေမဲ့ ခဏပါပဲ အကြာကြီးတော့ မဟုတ်ပါဘူး။ တိုက်ပွဲကတော့ ပြီးသွားပြီ။ ပြည်သူ တစ်ယောက်တော့ နည်းနည်းထိခိုက်မှုရှိတယ်"

မနက် ၆ နာရီဝန်းကျင်ကနေ ၇ နာရီဝန်းကျင်အထိ တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့ ပြီးနောက် မြို့ပေါ်မှာ လူအသွားအလာ နည်းသွားပေမယ့် စစ်ကောင်စီတပ်ကတော့ လုံခြုံရေးတိုးချတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒဏ်ရာရခဲ့တဲ့ ဒေသခံတစ်ဦးအပါအဝင် တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ မသိသေးဘူးလို့သာ ပြန်လည်ဖြေဆိုပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ညကလည်း ဘုရားသုံးဆူမြို့၊ ဘုရင့်နောင်လမ်းပေါ် (၂) ရပ်ကွက်နဲ့ (၃) ရပ်ကွက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ စည်ပင်ရုံးနဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတို့ကို ဘုရားသုံးဆူ မြို့ပြပြောက်ကျားတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org