ပေါက်တောမြို့နယ်က ရွာတချို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

ပေါက်တောမြို့နယ်ထဲကို စစ်တပ်က ဇူလိုင် ၆ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာပေါင်းလေးရွာက နေအိမ်တချို့ ပျက်စီးသွားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ပေါက်တောမြို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ Mg Kyaw Min

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇူလိုင်လ ၆ ရက်နေ့မှာ ဒရုန်းယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာပေါင်းလေးရွာက နေအိမ်တချို့ ပျက်စီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဝင်ချောင်း၊ ပြိုင်းတောင်၊ သဲခုံနဲ့ မင်းတဲရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းယာဉ်တွေ အသုံးပြုပြီး ဗုံးသီး သုံးဆယ်နီးပါး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာသားတွေကတော့ ဒရုန်းအသံကြားလို့ လုံခြုံတဲ့နေရာကို အမြန်ရှောင်ကြလို့ လူတွေထိခိုက်တာတော့ မရှိပါဘူး။ နေအိမ်တွေတော့ ပျက်စီးသွားတာရှိတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူး”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇူလိုင် ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေကလည်း ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ကတော့ ပေါက်တောမြို့နယ်က သဝင်ချောင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုမှာ လူနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org