တပ်မတော်က ပုဒ်မ ၅ဝဝ နဲ့ တရားစွဲထားတဲ့ ကျောင်းသား ၉ ဦးမှာ ၇ ဦးကို တရားရှင်လွှတ်

အနောက်တောင်တိုင်း စစ်ဌာနချုပ်က အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ကျောင်းသား ၉ ဦးထဲက ၇ ဦးကို တရားရှင်လွှတ်ပေးလိုက်ပြီး ကျန်တဲ့ ၂ ဦးကို ပုဒ်မ ၅ဝဝ နဲ့စွဲချက် ဆက်တင်ကြောင်း ပုသိမ်မြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ပုသိမ်မြို့က ကျောင်းသားတွေကို တွေ့ရစဉ် Photo: Aung Khant Zaw/ Facebook

အနောက်တောင်တိုင်း စစ်ဌာနချုပ်က အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ကျောင်းသား ၉ ဦးထဲက ၇ ဦးကို တရားရှင်လွှတ်ပေးလိုက်ပြီး ကျန်တဲ့ ၂ ဦးကို ပုဒ်မ ၅ဝဝ နဲ့စွဲချက် ဆက်တင်ကြောင်း ပုသိမ်မြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

တရားလိုတင်ပြထားတဲ့ တရားစွဲဆိုရတဲ့ အဓိကအကြောင်းအရင်း စာသားတွေကို သရုပ်ဆောင်ခဲ့တဲ့ ကိုအောင်ခန့်ဇော်နဲ့ ကိုမြတ်သူထက်တို့ ၂ ဦးကိုသာ ဆက်လက်စွဲချက်တင်ထားတာ ဖြစ်တယ်လို့ တရားစွဲဆိုခံရတဲ့ ကိုအောင်ခန့်ဇော် က ပြောပါတယ်။

"တရားလိုဘက်က လျှောက်လွှာတင်ကတည်းက ဒီတရားစွဲဆိုရတဲ့ အဓိက အကြောင်းအရင်း၊ အဓိကစာသား တွေပေါ့နော်၊ အဲစာသားတွေကို သရုပ်ဆောင်တဲ့ ပြဇာတ်ကပြတဲ့ သူ ၂ ဦးပေါ့၊ ဒီအောင်ခန့်ဇော်နဲ့ မြတ်သူထက် နဲ့ ၂ ယောက်ပေါ့၊ အဲ့ ၂ ယောက်ကိုပဲ ပုဒ်မ ၅ဝဝ နဲ့ စွဲချက်ဆက်တက်ပြီးတော့ ကျန်တဲ့သူတွေကို တရားရှင် ပြန်လွှတ်လိုက်တယ်ပေါ့။"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကပြဖျော်ဖြေခဲ့ရာမှာ သုံးနှုန်းတဲ့စကားလုံး အသုံးအနှုန်းတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး ဒုတိယဗိုလ်မှူးကြီး တစ်ဦးက တရားလိုလုပ်ကာ တရားစွဲထားတာဖြစ်ပါတယ်။

အဲဒီပြဇာတ်မှာ ပုသိမ်မြို့က စစ်ပွဲထောက်ခံသူတွေကို အင်တာဗျူးမေးတဲ့ပုံစံမျိုးနဲ့ ဟာသနှောပြီး ကပြဖျော်ဖြေ ခဲ့တာ ဖြစ်ပြီး တရားစွဲခံထားရတဲ့ ကျောင်းသား ၉ ဦးထဲမှာ ၁ဝ တန်းကျောင်းသား ၄ ဦး နဲ့ တက္ကသိုလ် ကျောင်းသား ၅ ဦး ပါဝင်ပါတယ်။

အခုဆက်လက်တရားရင်ဆိုင်ရမယ့်သူ ၂ ဦးမှာ တက္ကသိုလ်ကျောင်းသား တစ်ဦးနဲ့ ၁ဝ တန်းဖြေဆိုထားတဲ့ ကျောင်းသား တစ်ဦးတို့ ဖြစ်ပါတယ်။

လာမယ့် မေလ ၁၈ ရက်နေ့မှာ ရုံးချိန်ထပ်မံ ချိန်းဆိုထားတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org