ပုသိမ်မြို့က တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်း
တရုတ်နိုင်ငံသားပိုင် Myanmar All Rich Garment Co., Ltd. အထည်ချုပ်စက်ရုံဟာ အခု ဒီဇင်ဘာလ ၂၅ ရက်ကစပြီး နှစ်လယာယီပိတ်သိမ်းမယ့်အကြောင်း အလုပ်သမားတွေကို ဒီဇင်ဘာ ၁ ရက်မှာ အသိပေးခဲ့တယ်လို့ ပုသိမ်မြို့ခံတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2022-12-03 -
-
-
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၁) ရပ်ကွက်၊ တဲကြီးကုန်းလမ်းမှာရှိတဲ့ တရုတ် နိုင်ငံသားပိုင် Myanmar All Rich Garment Co., Ltd. အထည်ချုပ်စက်ရုံဟာ အခု ဒီဇင်ဘာလ ၂၅ ရက်ကစပြီး နှစ်လယာယီပိတ်သိမ်းမယ့်အကြောင်း အလုပ်သမားတွေကို ဒီဇင်ဘာ ၁ ရက်မှာ အသိပေးခဲ့တယ်လို့ ပုသိမ်မြို့ခံတွေက RFA ကို ပြောပါတယ်။
အလုပ်သမား တစ်ထောင်ကျော်နဲ့ လည်ပတ်နေတဲ့ အဲဒီစက်ရုံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကတည်းက ယာယီပိတ်သိမ်းမယ်ဆိုပြီး အလုပ်သမားတွေကို ပြောခဲ့ပေမယ့် အလုပ်သမားတွေဘက်က လက်မခံတာကြောင့် ရက်ပြောင်းလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက်ရုံအလုပ်သမားတွေနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“အထည်ချုပ်လုပ်ငန်းရဲ့ သဘောသဘာဝအရ အလုပ်ရပ်ရင် တစ်လကြိုတင်ပြီး အလုပ်သမားတွေကိုပြောရမှာ။ သူတို့က နိုဝင်ဘာလဆန်းတုန်းကပြောတယ်။ ဒီလ ကုန်ရင် ရပ်မယ်ပေါ့။ နှစ်လပဲနားမယ်။ လျော်ကြေးတွေပေးဖို့လည်း အစီအစဉ်မရှိဘူး။ အဲဒါကို အလုပ်သမားတွေက လက်မခံတော့ တစ်လစာ လျော်ပေးမယ်။ စက်ရုံက အပြီးပိတ်တာမဟုတ်ဘူး။ နှစ်လပဲနားမှာဆိုပြီး အလုပ်သမားတွေကို အကြောင်းကြား တာ။ သူတို့က အခုဘယ်လိုပုံစံလုပ်လဲဆိုတော့ ကြိုတင်အကြောင်းကြားထားပါတယ် ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ဒီ ၁၂ လပိုင်းကို ရွှေ့လိုက်တာ”
စက်ရုံကို အခု ဒီဇင်ဘာလ ၂၅ ရက်မှာ ယာယီပိတ်သိမ်းမှာဖြစ်ပြီး အလုပ်ယာယီ ရပ်နားတဲ့အတွက် နစ်နာကြေးတွေပေးမယ်လို့ စက်ရုံဘက်က အကြောင်းကြားထား ကြောင်းလည်း သူက ဆက်ပြောပါတယ်။
အခုလို စက်ရုံယာယီပိတ်လိုက်တာကြောင့် အလုပ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ပုသိမ်မြို့ခံတွေက ပြောပါတယ်။
အဲဒီအထည်ချုပ်စက်ရုံဟာ ၂၀၂၀ ပြည့်နှစ်ကစပြီး လက်ခစားစနစ်နဲ့ အထည်ချုပ် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ဖော်ပြာထားတဲ့ Myanmar All Rich Garment Co., Ltd. ရဲ့ ဖုန်းနံပါတ်ကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်မှာရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံ ပိတ်သိမ်းခဲ့တာကြောင့် အလုပ်သမား ၇၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ ပုသိမ်ဒေသခံတွေက RFA ကို ပြောပါတယ်။